၀န်ကြီးဌာနသတင်းများ

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေးအတွက် ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၂ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်၍ ကျင်းပသောအဆိုပါ အစည်းအဝေးသို့ အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော်မှုတွင် အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံမှ အာဆီယံ စီးပွားရေး အသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ၂၀၁၉ ခုနှစ် နှစ်အလိုက် အေအီးစီဦးစားပေးအကောင်အထည်ဖော်ရမည့် လုပ်ငန်းများ၊ (၂၅)ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများသီးသန့် အစည်းအဝေး၏ ရလဒ်များနှင့် အေအီးစီ ၂၀၂၅ စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်မူဘောင်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆောင်ရွက်နေသော Country Visit ကို ၂၀၁၉ ခုနှစ် တွင် မြန်မာနိုင်ငံမှ လက်ခံဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

အေအီးစီအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ် အတွက် အာဆီယံနိုင်ငံများ အားလုံးမှ ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ် စုစုပေါင်း (၁၇၀)ခုရှိပြီး၊ လုပ်ငန်းစဉ် (၃၅)ခုအကောင်အထည်ဖော်ပြီးစီးနေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်၂၀၁၉ ခုနှစ် ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ် (၁၆၆) ခုအနက် ဇွန်လ အထိ လုပ်ငန်းစဉ် (၃၈) ခု ကို ပြီးစီးအောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်း ကော်မတီများအနေဖြင့် လုပ်ငန်းကိစ္စရပ်များကို သတ်မှတ် အချိန်ဇယားအတိုင်း လိုက်ပါဆောင်ရွက် ပေးကြရန်နှင့် ကျန်လုပ်ငန်းကိစ္စရပ်များ ကို အရှိန်အဟုန်ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးစေ လိုကြောင်းပြည်ထောင်စုဝန်ကြီးကပြောကြားပါသည်။

ဆက်လက်၍ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က အေအီးစီ ၂၀၂၅ ကိုဖော်ဆောင်ရန် ၂၀၁၉ ခုနှစ်နှစ်အလိုက် ဦးစားပေးအကောင်အထည်ဖော်ရမည့် လုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် ၂၀၁၉ ခုနှစ် အတွင်းမြန်မာနိုင်ငံက Country Visit ကိုလက်ခံဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

အစီအစဉ်အရသက်ဆိုင်ရာ လုပ်ငန်းကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကမိမိတို့၏ လုပ်ငန်းကော်မတီအလိုက် အေအီးစီ အကောင်အထည်ဖော်မှုလက်ရှိအခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းကအာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ လုပ်ငန်းစီမံချက်ပါ သက်ဆိုင်ရာလုပ်ငန်း ကော်မတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များ အကြံပြုဆွေးနွေးခဲ့ပြီး၊ အစည်းအဝေးကို (၁၁:၃၀) နာရီတွင် အောင်မြင်စွာပြီးမြောက် ခဲ့ကြောင်းသတင်းရရှိသည်။