၀န်ကြီးဌာနသတင်းများ

၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်

 

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ သီးသန့်အစည်းအဝေးသို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။



 

အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံ၏ အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူစဉ် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများအား အတည်ပြုခြင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း အာဆီယံစီးပွားရေး အသိုက်အဝန်းအနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးခြင်း၊   ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အား ၂၀၂၀ ပြည့်နှစ်တွင် ချုပ်ဆိုနိုင်ရေး လမ်းညွှန်မှု ပေးခြင်း၊ အာဆီယံ နှင့် ပြင်ပဒေသအဖွဲ့အစည်းနှင့်နိုင်ငံများအကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများအတွက် အနာဂတ် လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်းခြင်းနှင့် အာဆီယံ စီးပွားရေးအကြံပေးကောင်စီမှ တင်ပြသည့် ၂၀၂၀ ပြည့်နှစ် အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများ အပေါ် လမ်းညွှန်ချက်များပေးခြင်း တို့ကို ပြုလုပ်ကြပါသည်။

 

ထို့ပြင် အာဆီယံ စီးပွားရေးဝန်ကြီးများသည် COVID-19 ရောဂါကြောင့် အာဆီယံ ဒေသတွင်း စီးပွားရေး ထိခိုက်မှုအခြေအနေများ အထူးသဖြင့် ထုတ်လုပ်မှု ကွန်ယက်၊ ကုန်သွယ်မှု၊  ဘဏ္ဍာရေး လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများအပေါ် သက်ရောက်နေသည့် စိန်ခေါ်မှုများကို အာဆီယံ၏ ညီညွတ်သည့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ‌ဖြေရှင်းရန် သဘောတူခဲ့ပါသည်။