၀န်ကြီးဌာနသတင်းများ



နေပြည်တော် ၊၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်၊


၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၃၈) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (38th Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI ) အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး ပါဝင်တက်ရောက်ခဲ့သည်။


အဆိုပါအစည်းအဝေးတွင် COVID-19 ရောဂါဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် ရောဂါဖြစ်ပွားမှုကို ပြန်လည်တုံ့ပြန်နိုင်ရေးအတွက် အာဆီယံဘက်စုံ ပြန်လည်ကုစားရေး အစီအစဉ်ရေး ဆွဲနိုင်ရေးကိစ္စ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း၂၀၂၅ အကောင်အထည်ဖော်မှုအပေါ် ကာလလယ်သုံးသပ်ချက် ဆောင်ရွက်မှုအခြေအနေ ၊ အာဆီယံ အသိုက်အဝန်း ၂၀၂၅ အလွန်တွင် အာဆီယံအနေဖြင့် ဆောင်ရွက်မည့် အစီအစဉ်များ၊ ဗီယက်နမ်နိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူသည့် ၂၀၂၀ ပြည့်နှစ် အတွင်းဦးစားပေး အကောင်အထည်ဖော်‌ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ စတုတ္ထစက်မှုအသွင် ကူးပြောင်းရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံစီးပွားရေးပေါင်းစည်းမှုကြောင့်ဖြစ်ပေါ်လာသည့် အကျိုး သက်ရောက်မှုများအပေါ် အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာန (အီးအာရ် အိုင်အေ) မှ လေ့လာချက်များ၊ အာဆီယံဒေသတွင်းရှိ စည်းမျဉ်းသတ်မှတ်မှု စီမံခန့်ခွဲရေးစနစ် (Regulatory Management System-RMS) ဖိုရမ်၏ ရလဒ်များ၊ ၂၀၂၁ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံမှ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်မှုများနှင့် ၂၀၂၀ ပြည် ဩဂုတ်လတွင် ကျင်းပမည့် (၅၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တင်ပြမည့် လုပ်ငန်းအဖွဲ့ ၏ အကြံပြုချက်များကို ဆွေးနွေးကြပါသည်။


အစည်းအဝေးတွင် စင်ကာပူနိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် H.E Gabriel Lim က အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စား လှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြပါသည်။