၀န်ကြီးဌာနသတင်းများ



 


နေပြည်တော်၊ နိုဝင်ဘာ ၂၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့်(၁၇) ကြိမ်မြောက် အာဆီယံတရုတ် ကုန်စည်ပြပွဲ  စားပွဲဝိုင်းဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ဗွီဒီယို မိန့်ခွန်း ပေးပို့ခဲ့ပါသည်။

အဆိုပါ မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအမံများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံရှိ  ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ နှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

အာဆီယံတရုတ်ကုန်စည်ပြပွဲ (CAEXPO) ကို ၂၀၀၄ ခုနှစ် မှစတင်၍ ကျင်းပခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်ရေး နှင့် ပြည်သူအချင်းချင်း ဆက်နွှယ်မှု တိုးမြှင့်ရန်အတွက် အရေးပါသည့် အစီအစဉ် တစ်ခုဖြစ်ပါသည်။ ယင်းဆွေးနွေးပွဲများသည် အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား  ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

ယခုနှစ်ပြပွဲ၏ဆောင်ပုဒ်မှာ “ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်ရေးနှင့် ဒစ်ဂျစ်တယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းခိုင်မာစေရေး” (Building the Belt and Road, Strengthening Digital Economy Cooperation) ဟူ၍ ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာလုပ်ငန်းရှင် ကုမ္ပဏီများအနေဖြင့် ယခုနှစ် ကုန်စည်ပြပွဲသို့ သွားရောက် ပြသနိုင်ခြင်းမရှိ သော်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်ငန်းရှင်များက မြန်မာ့ထွက်ကုန် နမူနာပစ္စည်းများ ကို မြန်မာသံရုံး (ပေကျင်း)နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး (နန်နင်း)တို့၏ ပူးပေါင်းကူညီမှုများဖြင့် စုစုပေါင်းပြခန်း (၂၈)ခန်း အထိ ပါဝင်ပြသလျက်ရှိပါသည်။

ထို့ပြင် အာဆီယံနိုင်ငံများမှ လုပ်ငန်းများအတွက် အွန်လိုင်းပြပွဲတစ်ရပ်ကိုလည်း တစ်ပြိုက်နက်တည်း ခင်းကျင်းထားရှိပြီး၊ မြန်မာနိုင်ငံမှ ကုန်စည်ပြခန်းပေါင်း (၃၆) ခန်း ပါဝင် ပြသထားကာ၊ တစ်နှစ်ပတ်လုံး ပြသပေးသွားမည် ဖြစ်ပါသည်။

ယခုနှစ် ကျင်းပသည့် ကုန်စည်ပြပွဲတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။