၀န်ကြီးဌာနသတင်းများ




နေပြည်တော်၊ သြဂုတ် ၂၄

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ယနေ့ နံနက် ၈:၃၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပ သည့် (၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့သည်။

(၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများအစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် အဆင့်မြင့်စီးပွားရေး အရာရှိများမှ တင်ပြလာသည့် အစီရင်ခံစာနှင့် စီအယ်လ်အမ်ဗွီလုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၀ ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြပြီး စီအယ်လ်အမ်ဗွီလုပ်ငန်းစီမံချက် ၂၀၂၁-၂၀၂၂ ကို အတည်ပြုခဲ့ကြသည်။ ထို့ပြင် COVID-19 ကပ်ရောဂါ စိန်ခေါ်မှုများကို ကျော်လွှား နိုင်ရေးအတွက် တုန့်ပြန်ဆောင်ရွက်ချက်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စီအယ်လ်အမ်ဗွီ လုပ်ငန်းစီမံချက် ၂၀၂၁-၂၀၂၂ တွင် ပါဝင်သောအစီအစဉ်များသည် မိမိတို့နိုင်ငံများ၏ လိုအပ်ချက်များ၊ ဦးစားပေး အစီအစဉ်များနှင့် ကိုက်ညီပါကြောင်း နှင့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ အထူးသဖြင့် မိမိတို့ စီအယ်လ်အမ်ဗွီနိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ အရင်းအနှီးလိုအပ်ချက်အတွက် Two-Step Loan ချေးငွေအစီအစဉ်ကို ဆောင်ရွက်လျက်ရှိ သည့် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၏ စွမ်းဆောင်ရည် မြှင့်တင်ရန် အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။

စီအယ်လ်အမ်ဗွီလုပ်ငန်းစီမံချက် ၂၀၂၁-၂၀၂၂ တွင် “Pandemic Recovery Plan” ထည့်သွင်းခြင်းကို ကြိုဆိုပါကြောင်း နှင့် အဆိုပါလုပ်ငန်းစီမံချက်သည် ယခု ဆောင်ရွက်လျက်ရှိ သော ဒေသတွင်းပေါင်းစည်းမှုဆိုင်ရာ ဆောင်ရွက်မှုများကို အကျိုးရှိစေမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက COVID-19 ထိန်းချုပ်ရေး နှင့် နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်မှုများ သက်သာစေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးက (၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲသတင်း ထုတ်ပြန်ချက်ကို အတည်ပြုခဲ့သည်။