၀န်ကြီးဌာနသတင်းများ



နေပြည်တော် ဇန်နဝါရီ  ၂၆

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Dan Chugg အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံအနေဖြင့် COVID-19 ကူးစက်ကပ်ရောဂါကြောင့် လူမှုရေး၊ စီးပွားရေး သက်ရောက်မှုများအပေါ် အလျင်အမြန်ကုစားရန် လိုအပ်ချက်အရ COVID-19  စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP) အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊ COVID-19 အလွန် နိုင်ငံ့စီးပွားရေး ပြန်လည်ဉီးမော့ လာစေရန်နှင့်  နိုင်ငံ၏ မူလပင်မဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည့် မြန်မာနိုင်ငံ၏ ရေရှည်တည့်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုစေရန်တို့အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည် ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြန်မာ့လယ်ယာကဏ္ဍထွက်သီးနှံများအား ဗြိတိန်ဈေးကွက်သို့ အရည်အသွေးမီ တင်ပို့နိုင်ရန် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ ပညာရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ဗြိတိန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံမှုသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးသန်းအောင်ကျော်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးမှ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ညွှန်ကြားရေးမှူးများနှင့် အကြံပေးပုဂ္ဂိုလ်များလည်း ပါဝင်တက်ရောက် ခဲ့ပါသည်။