၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ နိုဝင်ဘာလ ၂ ရက်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦး‌သောင်းထွန်းသည် ယနေ့မွန်းလွဲ ၁:၃၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ဆိုင်ရာ အာဆီယံ စီးပွားရေး ဝန်ကြီးများ၏ အထူးအစည်းအဝေးသို့ ပါဝင်တက်ရောက် ဆွေးနွေးသည်။

အစည်းအဝေး၌ ဝန်ကြီးများက (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် တစ်ဆက်တည်း ကျင်းပမည့် (၄) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးကြသည်။

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စေ့စပ်ညှိနှိုင်းမှုများကို ၂၀၁၂ ခုနှစ်မှ စတင်၍ အာဆီယံ (၁၀) နိုင်ငံနှင့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန်တို့အကြား ဆောင်ရွက်ခဲ့ကြပါသည်။ RCEP ထိပ်သီးအစည်းအဝေးကိုလည်း ၂၀၁၇ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ (၄) ကြိမ်မြောက် RCEP ထိပ်သီးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလလယ်တွင် ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများ၊ ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီ အစည်းအဝေး သဘာပတိ နှင့် အဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။