၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ ဩဂုတ် ၁၈


    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E. Mr. Thomas Karl Neisinger အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံစဉ် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံအား ကူညီထောက်ပံ့မည့် ငွေကြေးနှင့် နည်းပညာအကူအညီ ယူရို ၃၁.၅ သန်းအနက်မှ  ငွေကြေးအကူအညီ ယူရို ၁၈ သန်း ဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး စီမံကိန်းများ၊ နည်းပညာအကူအညီ ယူရို ၁၃.၅ သန်းဖြင့် ဆောင်ရွက်မည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ကျေးလက်ဒေသ မီးလင်းရေး စီမံကိန်းနှင့် ဘဏ် လုပ်ငန်း နှင့် ငွေကြေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများဆိုင်ရာ ကိစ္စရပ်များ နှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး ပိုမို တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြပါသည်။


ထို့နောက် ဂျာမနီနိုင်ငံနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အစားအစာ ဖူလုံမှုနှင့် အာဟာရပြည့်ဝမှုစီမံကိန်း၊ အရည်အချင်းပြည့်ဝသောလုပ်သားများ ပေါ်ထွက်လာရေး စီမံကိန်းနှင့် vulnerable youth များအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းများအား ဆက်လက် အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ရန် ဂျာမနီနိုင်ငံ ၏ နည်းပညာ အကူအညီ ယူရို ၁၁.၂ သန်း ထပ်မံပေးအပ်မည့် စာလွှာ အား ဂျာမန်သံအမတ်ကြီးမှ ပေးအပ်ခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံတွင်  ဂျာမနီနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အလား အလာနှင့် အခြေအနေများအား နှစ်ဖက် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။