၀န်ကြီးဌာနသတင်းများ





နေပြည်တော်၊ နိုဝင်ဘာ ၁၈


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Mrs. Hilde Solbakken အား ယနေ့မွန်းလွဲ ၁၄:၀၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးအပ်ခြင်းခံရ သည့်အတွက် ဝမ်းမြောက်ကြောင်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့် Covid-19 ကမ္ဘာ့ကပ် ရောဂါကြောင့် ရင်ဆိုင်ကြုံတွေ့နေရသော လူမှုရေး၊ စီးပွားရေး စိန်ခေါ်မှုများအတွက် နှစ်နိုင်ငံခိုင်မာသည့် ပူးပေါင်းဆောင်ရွက်ရေးသည် အလွန်အရေးပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံအနေဖြင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်နေမှုများနှင့် ရင်းနှီးမြှုပ်မှုခွင့်ပြုသည့် လုပ်ငန်းစဉ်များတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ပွင်းလင်းမြင်သာစွာဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်  (CERP) အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့်  Covid-19 ကပ်ရောဂါအလွန် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည် ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲ ရေးစီမံချက် (MERRP) ဆက်လက်ရေးဆွဲအကောင်အထည်ဖော်ရန် စီစဉ်နေမှုအခြေအနေ များကို လည်းကောင်း ဆွေးနွေးခဲ့သည်။


ထို့နောက် နော်ဝေသံအမတ်ကြီးက မြန်မာ-နော်ဝေ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက် လျက်ရှိသော နယ်ပယ်များ ဖြစ်သည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး၊  စွမ်းအင်နှင့် သဘာဝ ပတ်ဝန်းကျင် ရေရှည်ကောင်းမွန်စေရန် စီမံခန့်ခွဲရေး နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတို့တွင် ဆက် လက်တိုးချဲ့ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့အား ဆွေးနွေးခဲ့သည်။ သံအမတ်ကြီးက မြန်မာနိုင်ငံ၌ နော်ဝေရင်းနှီးမြှုပ်နှံသူများ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများနှင့် မြန်မာအစိုးရ၏ လုပ်ငန်းစဉ်များတွင် ဖွံ့ဖြိုးရေးမိတ်ဖက်နိုင်ငံအနေဖြင့် ဆက်လက်ကူညီပံ့ပိုးပေးနိုင်ရေး အခြေအနေ တို့အပေါ် ရင်နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။


ထို့သို့တွေ့ဆုံရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။