၀န်ကြီးဌာနသတင်းများ





နေပြည်တော်၊ အောက်တိုဘာလ ၁၄ရက်


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦး‌သောင်းထွန်းသည် ယနေ့နံနက် ၈ နာရီတွင် Video Conferencing စနစ်ဖြင့်ကျင်းပသည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP)ဆိုင်ရာဝန်ကြီးများ၏(၁၁) ကြိမ်မြောက် ကြားဖြတ်အစည်းအဝေးသို့ ပါဝင်တက်ရောက်ဆွေးနွေးသည်။

အစည်းအဝေး၌ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းမှုအခြေအနေများနှင့် စပ်လျဉ်း၍ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီဥက္ကဋ္ဌ၏ အစီရင်ခံစာကိုတင်ပြခဲ့ပြီးRCEPသဘောတူစာချုပ်ကို၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် (၄) ကြိမ်မြောက် RCEP ထိပ်သီးအစည်းအဝေး၌ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကိုဝန်ကြီးများကအမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို အချိန်မီပြီးစီးစေရန် ကြိုးပမ်းခဲ့သောကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီနှင့် ဥပဒေနှင့် အဖွဲ့အစည်းများဆိုင်ရာ လုပ်ငန်းအဖွဲ့တို့ကို ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။ နှစ်နိုင်ငံညှိနှိုင်းမှုများပြုလုပ်ရန် ကျန်ရှိနေသောကိစ္စရပ်များကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် အတတ်နိုင်ဆုံးညှိနှိုင်းဆောင်ရွက်ကြရန်သက်ဆိုင်ရာနိုင်ငံများသို့ တိုက်တွန်းပြီးRCEP သဘောတူစာချုပ်ကို နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် လိုအပ်သောပြည်တွင်းလုပ်ထုံးလုပ်နည်းများအားအမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြရန် အရေးကြီးကြောင်းအလေးပေးပြောကြားသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးကRCEP သဘောတူစာချုပ်သို့အိန္ဒိယနိုင်ငံအဆင်သင့်ဖြစ်ပါက ပြန်လည်ဝင်ရောက်နိုင် စေရေးအတွက် ဆက်လက်လမ်းဖွင့်ထားပေးမည့်အစီအစဉ်ကိုလည်းကြိုဆိုကြောင်းပြောကြားသည်။

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့၌ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သည့် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း နိုင်ငံ့ခေါင်းဆောင်များက ညှိနှိုင်းမှုများ စတင်ကြောင်းကြေညာခဲ့သည်။ RCEP ညှိနှိုင်းမှုများမှာယနေ့အထိ (၈) နှစ်တာကြာမြင့်ခဲ့ပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်နှစ်ကုန်တွင် သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြသည်။

RCEP တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံနှင့် ၎င်း၏ လွတ်လပ်သောကုန်သွယ်မှုဒေသသဘောတူစာချုပ် ချုပ်ဆို ထားသောနိုင်ငံများ (FTA Countries) ဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် နယူးဇီလန် (၅) နိုင်ငံ၊ စုစုပေါင်း အဖွဲ့ဝင် (၁၅) နိုင်ငံပါဝင်ပြီးကမ္ဘာ့လူဦးရေ၏ ၃၀% ခန့်နှင့်ကမ္ဘာ့စီးပွားရေး၏ ၃၀%ကိုကိုယ်စားပြုသည့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူစာချုပ်တစ်ခုဖြစ်လာမည် ဖြစ်သည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့်နယူးဇီလန်နိုင်ငံတို့မှ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီးများ၊ ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီသဘာပတိနှင့် အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။