၀န်ကြီးဌာနသတင်းများ

နေပြည်တော် ဧပြီလ ၇ ရက်

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေး (/၂၀၂၀) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပ သည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် မတ်လ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းမိန့်ထုတ်ပြန်ပြီးနောက် မတ်လ ၁၄ ရက် နေ့တွင် ပထမအစည်းအဝေးကိုလည်းကောင်း၊ မတ်လ ၁၈ ရက်နေ့တွင် ဒုတိယအစည်းအဝေး ကိုလည်းကောင်း ကျင်းပ၍ COVID-19 Fund ထူထောင်ကာ ချေးငွေထုတ်ပေးမည့် အစီအစဉ်၊ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ ပေးဆောင်ရန် ကာလသတ်မှတ်ချက်အား ဖြေလျော့ပေး သည့် အစီအစဉ်နှင့် ဘဏ်တိုးနှုန်း လျော့ချပေးသည့် အစီအစဉ်တို့ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ချေးငွေလျှောက်ထားခြင်းကို စိစစ်ပေးလျက်ရှိပြီး ချေးငွေ ပထမအသုတ်ကို သင်္ကြန်မတိုင်မီ ထုတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 သက်ရောက်မှုကြောင့် နိုင်ငံ၏ စီးပွားရေးအပေါ် ထိခိုက်မှု လျော့နည်းသက်သာစေရေးအတွက် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ တက်ရောက်လာသူများက COVID-19 Fund မှ ချေးငွေများ ဆောလျင်စွာ ထုတ်ပေးနိုင်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ လူမှုဖူလုံရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်ထားသည့် အစီအစဉ်များ၊ အရန်ရိက္ခာနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် ပေါ်ပေါက် နေသည့် အခက်အခဲများနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းပေးရန် ကိစ္စရပ်များနှင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်းနှစ်ခုတို့နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။

အစည်းအဝေးမှ COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံး ခံစားရသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများသို့ ထုတ်ချေးမည့် ပထမအသုတ်ချေးငွေ အား သင်္ကြန်ရုံးပိတ်ရက် မတိုင်မီ ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ပြီး ကျန်ရှိသည့် လျှောက်ထားသူများ ကိုလည်း ဆက်လက်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။