နေပြည်တော် ဇွန်လ ၁၇ ရက်
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၆/၂၀၂၀) ကို ယနေ့နံနက်ပိုင်းတွင် ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပပါသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဉီးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ၊ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက မိမိတို့ ယနေ့အထိ အစည်းအဝေး ၅ ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၅၆) ခု ချမှတ်ကာ COVID-19 ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ နှင့်ပတ်သက်၍ ဆောင်ရွက်ရန် ကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ COVID-19 Fund မှ ချေးငွေများကို စိစစ်ထုတ်ပေးလျက်ရှိရာ ခြောက်ကြိမ် ထုတ်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းပေါင်း ၃၀၉၄ ခုသို့ ချေးငွေ ၈၆.၇၄၁၉ ဘီလီယံ ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ပြန်လည်သုံးသပ်၍ ရှေ့ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ဆုံးဖြတ်ပေးကြရန် ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍
တက်ရောက်လာကြသူများက လုပ်ငန်းကော်မတီက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ပြန်လည် သုံးသပ်ညှိနှိုင်းကြပြီး UMFCCI နှင့် MICPA တို့မှ ဒုတိယအကြိမ်
ထပ်မံစိစစ်ထောက်ခံသည့် လုပ်ငန်းများသို့ သတ္တမ အကြိမ်မြောက် ချေးငွေအဖြစ်
ထုတ်ပေးနိုင်ရေး၊ ဒုတိယအကြိမ် COVID -19 Fund ထပ်မံလျာထားရာတွင်
ချေးငွေထုတ်ပေး မည့် လုပ်ငန်း ကဏ္ဍများ သတ်မှတ်ရေး၊ ချေးငွေရယူထားသည့်
လုပ်ငန်းများက ချေးငွေအသုံးပြုမှုအပေါ် စိစစ်ကြပ်မတ် ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များနှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊
ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ပေးပို့ လာသည့် ကိစ္စရပ်များ၊
ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများက အဆိုပြု တင်ပြလာသည့် ကိစ္စရပ်များနှင့်
စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြပါသည်။