သတင်းများ



နေပြည်တော်၊ ဇန်နဝါရီ ၃ ရက်
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့အစည်းအဝေး (၃/၂၀၂၁) ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပခဲ့ပါသည်။
 အစည်းအဝေးသို့ ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင် ဦးဆောင်သော အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌများ ပါဝင်တက်ရောက်ပါသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ ချောမောစွာ ထုတ်ယူနိုင်ရေး၊ ချေးငွေများအား အကျိုးရှိစွာ အသုံးချရေး၊ ထုတ်ပေးထားသည့် ချေးငွေများ၏ ပထမနှစ်အတွက် အတိုးပြန်လည်ပေးသွင်းရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေကို တင်ပြရှင်းလင်းကြပြီး ကြုံတွေ့ရသည့်အခက်အခဲများ အဆင်ပြေချောမောစေရန် ဖြေရှင်းနိုင် မည့် ကိစ္စရပ်များနှင့် ဌာနများအကြား ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။