သတင်းများ

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့ တို့တွင် ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီဝန်ကြီးဖြစ်သူရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့  ပါဝင်တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၀၈:၃၀ နာရီတွင် ကျင်းပသည့်  အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးညီလာခံ (ASEAN Business and Investment Summit) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo HUN SEN က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယင်းနေ့နံနက် ၀၉:၃၀ နာရီမှ ၁၂:၃၀ နာရီအထိ ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးသို့ ဆက်လက်တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော်မှုအခြေအနေ၊ အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင်၊ စတုတ္ထ စက်မှုအသွင်ကူးပြောင်းရေးမူဘောင်၊ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအစီအစဉ်နှင့်ပတ်ဝန်းကျင် ကို ထိခိုက်မှုလျော့နည်းစေသည့် အစီအစဉ်တို့၏ အကောင်အထည်ဖော်မှုအခြေအနေ၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း ကာလလယ်သုံးသပ်ချက်တွင်ပါဝင်သည့် အကြံပြုချက်များအပေါ် ဆက်လက်ဆောင်ရွက်မှုအခြေအနေနှင့် ၂၀၂၅ အလွန် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ရေးဆွဲရာတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းအနေဖြင့် ထည့်သွင်းမည့် အချက်အလက်များ အပေါ် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီမှ အကြိမ်(၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြမည့်အစီရင်ခံစာနှင့် ၂၀၂၂ ခုနှစ် အတွင်း အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီအနေဖြင့် အတည်ပြုရန်၊ မှတ်တမ်းတင်ရန်ရှိ သည့် Document များအပေါ်အတည်ပြုခဲ့ကြပြီး အာဆီယံဥက္ကဋ္ဌကြေညာစာတမ်းတွင် ထည့်သွင်း မည့် အာဆီယံစီးပွားရေးမဏ္ဍိုင်ဆိုင်ရာ အချက်အလက်များအပေါ် မှတ်တမ်းတင်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များအနက် အကောင် အထည်ဖော်နေဆဲလုပ်ငန်းများကို ရည်မှန်းကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးအတွက် ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့များက အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေး မူဘောင် သဘောတူစာချုပ်အတွက် လေ့လာမှုဆောင်ရွက်ရာတွင် အာဆီယံ၏ လက်ရှိဆောင်ရွက် ဆဲ ဒစ်ဂျစ်တယ်လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဒစ်ဂျစ်တယ်အဆင်သင့်ဖြစ်မှုကိုပါ ထည့်သွင်းလေ့လာရေးကိစ္စများကို ပါဝင်ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ အထူးအစည်း အဝေးကို ၁၃:၃၀ နာရီမှ ၁၈:၃၀ နာရီအထိ ဆက်လက်ကျင်းပခဲ့သည်။ အစည်းအဝေးတွင် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန်လွတ်လပ်သောကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်မှုအတွက် စေ့စပ်ညှိနှိုင်းမှုအပြီးသတ်ကြောင်းကြေညာနိုင်ရေးနှင့်စပ်လျဉ်းပြီး ဆွေးနွေးမှုမပြီးပြတ်သေးသည့် ကိစ္စရပ်များ ညှိနှိုင်းခဲ့ကြပါသည်။

ထို့နောက် ဒုတိယအကြိမ်မြောက် အာဆီယံ-ယူကေ စီးပွားရေးဝန်ကြီးများအစည်းအဝေး ကို  ၁၈း၃၀ နာရီမှ ၂၀း၀၀ နာရီအထိ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဝန်ကြီးများက ဒေသ တွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့်စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးပြီး အာဆီယံ-ယူကေ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၂) ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ အပေါ်မှတ်တမ်းတင်ခဲ့ကြသည်။ ထို့နောက် အာဆီယံနှင့်ယူကေတို့အကြား အနာဂတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကြေညာ ချက်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ကို အတည်ပြုခဲ့သည်။

အဆိုပါအစည်းအဝေးများတွင် ကမ္ဘောဒီးယားနိုင်ငံ၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး H.E. Pan Sorasak  က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံစီးပွားရေး အသိုက် အဝန်းကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၊ အာဆီယံ ဒုတိယအတွင်း ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကမ္ဘော ဒီးယားနိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ အာဆီယံအဆင့်မြင့်စီးပွားရေး အရာရှိ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် နှင့်ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြသည်။

          ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးများတက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း  လူပုဂ္ဂိုလ်များ ယာယီရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အာဆီယံ သဘောတူ စာချုပ်ကို ပြင်ဆင်သည့်အခြေပြစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့၊ ၁၉:၀၀ နာရီမှ ၂၁:၀၀ နာရီအထိ အာဆီယံစီးပွားရေးအကြံ ပေးကောင်စီ၏ ၂၀၂၂ ခုနှစ် အလှည့်ကျဥက္ကဋ္ဌက ဦးဆောင်ကျင်းပသည့် Gala Dinner နှင့် စီးပွား ရေးဆုများ ချီးမြှင့်သည့်အစီအစဉ်တွင် ပါဝင်တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံမှမထွက်ခွာမီ  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသည့်  အကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။