သတင်းများ

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဉ် (/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ၌ Hybrid Meeting ကျင်းပခဲ့ပါသည်။

 အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ တိုင်းဒေသကြီး/ ပြည်နယ် ချေးငွေ စိစစ်ကြပ်မတ်ရေး အဖွဲ့ခေါင်းဆောင်များ၊ လုပ်ငန်းအဖွဲ့ဝင်များသက်ဆိုင်ရာဌာန ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ခေါင်းဆောင်က တိုင်းဒေသကြီး/ ပြည်နယ်များရှိ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ စားသောက်ဆိုင် လုပ်ငန်းများ၊ ငါးပုစွန် မွေးမြူရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ CMP လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ အပါအဝင် ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၅,၉၉၀ ခု အတွက် ချေးငွေပမာဏ ကျပ် ၁၅၈.၄၄၃၈ ဘီလီယံ၊ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၃၂၇ ခု အတွက် ချေးငွေပမာဏ ကျပ် ၇.၆၃ ဘီလီယံအား ချေးငွေထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထုတ်ပေးထားသည့် ချေးငွေများကို စိစစ်ကြီးကြပ်ဆောင်ရွက်ရာတွင် ချေးငွေ ဆုံးရှုံးနိုင်ခြေရှိမှုတို့ ကိုသာမက ချေးငွေထုတ်ပေးထားသည့် လုပ်ငန်းများ၏ အောင်မြင်မှုနှင့် လုပ်ငန်းလည်ပတ်နိုင်မှု အခြေအနေကို စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်း (Monitoring and Evaluation Process) ဆောင်ရွက်နိုင်ရေးအတွက် Success Story စစ်တမ်းကောက်ယူရန် ကိစ္စရပ်များကို ဆွေးနွေး ပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက ချေးငွေနှင့် အတိုးကောက်ခံရရှိမှု အခြေအနေများ၊ ချေးငွေထုတ်ယူထားသော လုပ်ငန်းများမှ ပြန်လည်ပေးဆပ်လျက်ရှိသည့် အခြေအနေများ၊  Success Story စစ်တမ်းကောက်ယူရန် ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြပါသည်။