သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ “ငွေကြေးလုပ်ငန်းကဏ္ဍတွင် နည်းပညာအသုံးပြုဆောင်ရွက်မှုနှင့် ငွေရေးကြေးရေးကြီးကြပ် ကွပ်ကဲမှုဆိုင်ရာ ဆွေးနွေးပွဲ” အမှတ်စဉ် (၅၁) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ဆွေးနွေးတင်ပြသည့် အကြောင်းအရာတွင် ပါဝင်သော ငွေရေးကြေးရေးဆိုသည်မှာ လတ်တလောတိုးတက်လာသော နည်းပညာများအရ  ငွေကြေးလုပ်ငန်းကဏ္ဍတွင် နည်းပညာအသုံးပြုခြင်းဖြင့် ဆောင်ရွက်မှုများ ပိုမိုထိရောက် မြန်ဆန်လာကြောင်း၊ အီလက်ထရောနစ်ငွေပေးချေမှုစနစ်(E-Payment)များဖြင့်  ငွေပေးချေမှုများ ပိုမိုအသုံးပြုလာကြကြောင်း၊ E-Payment များ အသုံးပြုခြင်းဖြင့် ပေးချေသူနှင့် လက်ခံသူအကြားတိကျသောငွေကြေးပမာဏကို ကြားခံရန်မလိုဘဲအချိန်တိုအတွင်း လျှင်မြန်စွာ ပေးချေနိုင်ကြောင်း၊နည်းပညာတိုးတက်လာမှုနှင့်အတူ စက်ရုပ်တု(AI)နည်းပညာရပ် ပေါ်ပေါက်လာပြီး ဘဏ္ဍာရေးနည်းပညာဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေပေးချေမှုစနစ်တွင် ဝန်ဆောင်မှုအများစု၌ အီလက်ထရောနစ်ငွေပေးချေမှုစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း အီလက်ထရောနစ်ငွေပေးချေမှုစနစ်ကို တွင်ကျယ်စွာ အသုံးပြုလာပြီဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ နည်းပညာတိုးတက်မှုများကို ဝန်ထမ်းများအားလုံး သိရှိနားလည်ရန် လိုအပ်သဖြင့် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

                ဆက်လက်၍ ဆွေးနွေးတင်ပြမှုကို ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူချိုက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်း ဘဏ္ဍာရေး နှင့် ငွေကြေးတက္ကသိုလ်တွင် တက်ရောက်သင်ကြားခဲ့သည့် “‌‌ငွေကြေးလုပ်ငန်းကဏ္ဍတွင် နည်းပညာ အသုံးပြုဆောင်ရွက်မှုနှင့် ငွေရေးကြေးရေးကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ ဆွေးနွေးပွဲ ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် လက်ရှိ အသုံးပြုနေကြသည့် အဓိကကျသော (ABCD) နည်းပညာများဟု ခေါ်ကြသည့် Artificial Intelligent- AI ၊ Block Chain ၊  Cloud Computing နှင့် Big Data နည်းပညာများ ၊ ငွေရေး ကြေးရေးဆိုင်ရာ နည်းပညာများ (Financial Technology) ၊ ဒီဂျစ်တယ် ငွေကြေး ဝန်ဆောင်မှု (Digital Services) တိုးတက်အသုံးပြုနိုင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှု လုပ်ငန်းစဉ် များ တိုးတက်လုပ်ဆောင်နိုင်စေရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

                ထို့နောက် ဒုတိယဝန်ကြီးက Financial Technology ကိုအသုံးပြု၍ MSMEs လုပ်ငန်းများ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်မှု၊ Big Data အသုံးပြုခြင်း၏ အရေးပါမှု များနှင့် E- Payment စနစ်များ၏ အကျိုးသက်ရောက်မှုများကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဝိုင်းဝန်းမေးမြန်းဆွေးနွေးခဲ့ကြပါသည်။

                အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ Online ဖြင့် တက်ရောက်သည့် အရာထမ်း/ အမှုထမ်းများ အပါအဝင် စုစုပေါင်းဝန်ထမ်း အင်အား ၁၀ ကျော် တက်ရောက်ကြပါသည်။