သတင်းများ

ရင်းနှီးမြှုပ်နှံမှုူနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ပြည်သူ့စစ်မှု ထမ်းဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းအခမ်းအးနားကို  ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

           အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုူနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ၊ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ အရာထမ်း / အမှုထမ်းများ၊ မိသားစုဝင်များ၊   ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ    အရာထမ်း/ အမှုထမ်းများ online အပါအဝင် စုစုပေါင်း ၅၆၄ ဦး တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက  ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး နောက် ၁၉၅၉ ခုနှစ်တွင်  ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ၊  အခန်း (၈)  နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များအခန်း၏ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး ၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက် ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း၊  ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်အာဏာ တည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ထုတ်ပြန်ခဲ့ပါကြောင်း၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအနေဖြင့် ပြည်သူ့စစ်မှု ထမ်းဥပဒေနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆွေးနွေးပြောကြားသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇော်လွင်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေတွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲ‌ရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိကြောင်း၊ ထိုသို့ စောင့်ထိန်းနိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် လိုအပ်ကြောင်း၊ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို အခန်း (၈) ခန်း၊ ပုဒ်မ ၃၃ ခု ဖြင့် ပြဋ္ဌာန်းထားရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရပါက အဆိုပါ ကာလအား တာဝန်ချိန်အဖြစ် သတ်မှတ်ပေးထားပြီး စစ်မှုထမ်းတာဝန်ပြီးဆုံးချိန်တွင် မူလထမ်းဆောင်ခဲ့သော အလုပ်တာဝန်ကို ပြန်လည်ထမ်းဆောင်နိုင် မည် ဖြစ်ကြောင်း၊ ကမ္ဘာနိုင်ငံအများစုတွင်လည်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးလျက် ရှိကြောင်း၊ နိုင်ငံသားတစ်ဦး၊ ဝန်ထမ်းတစ်ဦးအနေဖြင့် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေ တစ်ရပ်ကို လိုက်နာဆောင်ရွက်ရန် တာဝန်ရှိကြောင်းနှင့် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။