သတင်းများ

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများနှင့် (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်  ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်() နေပြည်တော်၌  ကျင်းပသည်။ အစည်းအဝေးသို့ လုပ်ငန်းကော်မတီ (၂၂) ခုမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်သည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နှင့် ၉ရက်နေ့ လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့မှာ ကျင်းပခဲ့သည့် အကြိမ် (၃၀) မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ သီးသန့်အစည်းအဝေး၏ ဆွေးနွေးချက်များကို မျှဝေပေးရန်နှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (အေအီးစီ)အနေဖြင့်  ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက်ညှိနှိုင်းဆွေးနွေးရန်ရည်ရွယ်၍အစည်းအဝေးကိုကျင်းပခြင်း ဖြစ်ကြောင်း၊  အာဆီယံဒေသတွင်းစီးပွားရေးနှင့်စပ်လျဉ်းပြီး ၂၀၂၃ ခုနှစ်တွင် ဒေသတွင်း စီးပွားရေး အခြေအနေသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းထက် ပိုမိုသာလွန်ခဲ့ပြီး ၂၀၂၄ ခုနှစ် တွင်လည်းဆက်လက်တိုးတက်ရန် မျှော်မှန်းထားကြောင်း၊ ဒေသတွင်းစီးပွားရေးတိုးတက်မှု အရှိန်ကို ပိုမိုကောင်းမွန်စေရန်အတွက် ဒေသတွင်းထောက်ပံ့မှု ကွန်ယက် (Supply Chain Network) များကို ကမ္ဘာ့ထုတ်လုပ်မှုကွန်ယက် (Global Production Network ) နှင့် ချိတ်ဆက်နိုင်ရန်အရေးကြီးကြောင်း၊ ကွန်ယက်များ ချိတ်ဆက်ရာတွင် မိမိတို့နိုင်ငံ အနေဖြင့် အခြားအာဆီယံနိုင်ငံများနှင့်အတူပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်း အဖွဲ့များက မိမိတို့လုပ်ငန်းအလိုက် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံက  အကောင်အထည်ဖော်ရန် ဦးစားပေးစီးပွားရေးလုပ်ငန်းများ (Priorities Economic Deliverables - PEDs)  ၁၄ ခုကို ချမှတ်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊  အေအီးစီအနေဖြင့် ယခုနှစ်တွင် နှစ်အလိုက် အကောင် အထည်ဖော်ရန်လုပ်ငန်း (Annual Priorities –APs)  (၁၁၃) ခုကို ချမှတ်ထားကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးကအေအီးစီလုပ်ငန်းများအကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံက ဒေသတွင်းလုပ်ငန်းများကို လိုက်ပါဆောင်ရွက်ရာ၌  မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အရေးများကိုလည်းအမိအရ ရယူနိုင်ရန်လိုအပ်ကြောင်း၊ ရသင့်သည့် အခွင့်အရေးများ ရရှိနိုင်ရေးအတွက် သေသေချာချာ ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အာဆီယံ အနေဖြင့် တစ်ခုတည်းသောစျေးကွက်နှင့်ထုတ်လုပ်မှု အခြေခံဒေသကို အကောင်အထည်ဖော် ရာတွင် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် ကဏ္ဍအလိုက် မိမိတို့နိုင်ငံ အနေဖြင့် ဆောင်ရွက်နိုင်မှု အခြေအနေကို ပြန်လည် လေ့လာ၍ လက်ရှိနိုင်ငံ၏ မူဝါဒနှင့်အညီ အကောင်အထည်ဖော်မှုများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ဆောင်ရွက်သည့် လုပ်ငန်း များသည် လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရန် ကျန်ရှိသည့်လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို လည်း ပိုမိုရရှိမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိက အကြိမ် (၃၀) မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး၏ ဆွေးနွေးချက် များနှင့် ၂၀၂၄ ခုနှစ်အတွင်း ‌ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် သက်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် အတွင်းရေးမှူးများဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်း ကော်မတီအလိုက် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ အာဆီယံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်မှုအခြေအနေ၊ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများ အခြေအနေ၊ ကုန်စည်၊ ဝန်ဆောင်မှု၊ မူပိုင်ခွင့်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍအလိုက်လုပ်ငန်းများတွင်  ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ၊ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆောင်ရွက်မှုများ၊ အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကျွမ်းကျင် လုပ်သားများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက ဆောင်ရွက်မှုများ၊ ဒေသတွင်း ငွေရေးကြေးရေး ပေါင်းစည်းမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်မှု အခြေအနေများ၊ ဒစ်ဂျစ်တယ် စီးပွားရေးမူဘောင်ညှိနှိုင်းမှုအခြေအနေ၊ ဒေသတွင်းသုတေသနနှင့်တီထွင်ဆန်းသစ်မှု လုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်မှုများ၊ အခြေခံအဆောက်အဦကဏ္ဍတွင် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများ၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု များ၊ ဒေသတွင်း အခွန် ၂ ထပ် မကျရောက်စေရေး ဆောင်ရွက်မှုများ၊ ဒေသတွင်းကောင်းမွန်သော စီမံအုပ်ချုပ်မှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဖြစ်ပေါ်စေရေး ဆောင်ရွက်မှုများ၊ ယှဥ်ပြိုင်မှုနှင့် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရေး အကောင်အထည်ဖော်လျက် ရှိသည့် လုပ်ငန်းများကို  ရှင်းလင်းတင်ပြသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၂၀၂၆-၂၀၃၀အာဆီယံစီးပွားရေးအသိုက်အဝန်းမဟာဗျူဟာရေးဆွဲရေးအတွက် ဆောင်ရွက်မှု အခြေ အနေ၊ အနာဂတ်အာဆီယံလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်မှုအခြေအနေ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ သုံးသပ်ချက်အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဆောင်ရွက်နေသည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းကို အချိန်နှင့်တစ်ပြေးညီ ထိထိမိမိ အကောင် အထည်ဖော်ရန်နှင့် အနာဂတ်အာဆီယံလုပ်ငန်းစဉ်များကိုလည်း မျက်ခြေမပျက်လိုက်ပါ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာတင်ပြရန် လိုအပ်ကြောင်း၊ ဒေသတွင်းလုပ်ငန်းများကိုဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကိုပါ တစ်ပါတည်းဖြစ်စေမည့် လုပ်ငန်းများကိုလည်း ထည့်သွင်း စဉ်းစားစေ လိုကြောင်းနှင့် လုပ်ငန်းအဖွဲ့များက တင်ပြချက်များအပေါ် လမ်းညွှန်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။