သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ “ကော်ပိုရိတ်စီမံအုပ်ချုပ်မှု မူဝါဒများ” အမှတ်စဉ် (၅၂) ဆွေးနွေးပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတကာ၌  ကုမ္ပဏီအဖွဲ့အစည်းများ၊  ကော်ပိုရိတ်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်လာကြရာ ကော်ပိုရိတ် စီမံခန့်ခွဲအုပ်ချုပ်မှု (Corporate Governance) ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီး လာပါကြောင်း၊ ကော်ပိုရိတ်စီမံခန့်ခွဲ အုပ်ချုပ်ရာတွင် လက်တွေ့ဆောင်ရွက်ရသည့် ဥပဒေနှင့် နည်းဥပဒေများ (Rule and Regulations)၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သီအိုရီပိုင်းအရ နားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း အဖွဲ့အစည်း (Multinational Corporation) များရှိလာသည့်အတွက် ကော်ပိုရိတ်   စီမံအုပ်ချုပ်မှု မူဝါဒများ၏ အရေးပါမှုသည် လည်း နိုင်ငံတိုင်းတွင် ရှိလာပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနသည် ကုမ္ပဏီကိစ္စရပ်များသာမက နိုင်ငံခြားစီးပွားဆက်ဆံရေးပိုင်းဖြစ်သည့်   အစိုးရအချင်းချင်း၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု များကိုပါဆောင်ရွက် လျက်ရှိသည့်အတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု မူဝါဒများကို သိရှိ နားလည်ရန် လိုအပ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ဆောင်ရွက်  ရာတွင် အဆုံးအဖြတ်ပေးမည့်ပုဂ္ဂိုလ်၊ အစုရှယ်ယာဝင်များ၊ အလုပ်သမားများ၏ အခန်းကဏ္ဍ၊ စားသုံးသူများ၏ အခန်းကဏ္ဍနှင့် လူ့အဖွဲ့ အစည်းများ၏ ပါဝင်ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ တွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးသွား မည်ဖြစ်ပါကြောင်းနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

           ဆက်လက်၍ ဆွေးနွေးတင်ပြမှုကို ဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ   ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၏ မူဝါဒနှင့် OECD၊ အဓိပ္ပါယ်များ၊ မူဝါဒ၏ အခြေခံသဘောတရား၊ ကုမ္ပဏီများ၏  ဥပဒေဆိုင်ရာ ဂုဏ်သတ္တိ များ၊  ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ဆုံးဖြတ်ချက်သဘောတရား၊ ကုမ္ပဏီဆိုင်ရာ အစည်းအဝေး များ၊  အစုရှယ်ယာရှင်များ၏ ဆုံးဖြတ်ချက်များ၊ ဒါရိုက်တာများ၏ ဆုံးဖြတ်ချက်များ၊  ဒါရိုက်တာ များ၏ ဥပဒေဆိုင်ရာ တာဝန်များ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် မှတ်ပုံတင်စာရင်း စသည့်   ခေါင်းစဉ်များကို ရှင်းလင်းဆွေနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည် များကို ဝိုင်းဝန်း မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

                အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ Online ဖြင့် တက်ရောက်သည့် အရာထမ်း/ အမှုထမ်းများ အပါအဝင် စုစုပေါင်းဝန်ထမ်း အင်အား ၁၀ ကျော် တက်ရောက်ကြပါသည်။