သတင်းများ

နိုင်ငံတော်၏ ပြည်သူ့ဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဥာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) ဆိုင်ရာအခြေခံအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအား ဖိတ်ကြား၍  နိုင်ငံတော်၏ ပြည်သူ့ဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဥာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) ဆိုင်ရာ အခြေခံ အသိပညာ‌ပေး ရှင်းလင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ ရုံးအမှတ်(၁)၊ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး သည် စီးပွားရေး၊ နိုင်ငံခြားဆက်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘာသာရပ်များကို အသုံးချကာ ပြည်သူ့ဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးတည်ဆောင်ရွက်ရာတွင်  ဥာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) နှင့် ဆက်စပ် ဆောင်ရွက်နိုင်မှုကို သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊  ကမ္ဘာ့စီးပွားရေးဖြစ်ပေါ်တိုးတက်မှုစနစ်သည် အဓိကအားဖြင့်လူသားများ၏ လိုအပ်ချက်ဖြစ်သော စားဝတ်နေရေးဖြည့်ဆည်း နိုင်ရေးအတွက်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုသွင်းအားစုများဖြစ်သည့် မြေယာ၊ လုပ်သား၊ အရင်းအနှီးများဖြင့် သမရိုးကျထုတ်လုပ်မှုမှ နောက်ပိုင်းတွင် စွန့်ထွင်ဦးစီးမှု ထည့်သွင်းလာ ကြပြီးအရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာခဲ့ကြောင်း၊  ထိုသို့တိုးတက်ပြောင်းလဲမှုတွင် ၁၇၆၀ ပြည့်နှစ်၌ လူအစားစက်ကိုအစားထိုးအသုံးပြုလာသည့် ပထမစက်မှုတော်လှန်ရေး (Industrial Revolution-1)၊ ၁၈၇၁ ခုနှစ်တွင် ပစ္စည်းများကို များပြားစွာ ထုတ်လုပ်လာခဲ့ပြီး လျှပ်စစ်ကိုအသုံးပြုခဲ့သည့် ဒုတိယစက်မှုတော်လှန်ရေး (Industrial Revolution-2)၊ ၁၉၇၀ ပြည့်နှစ်များတွင် အလို အလျောက်စက်ပစ္စည်းများ၊  ကွန်ပျူတာနှင့် အင်တာနက်ကို စတင်အသုံးပြုခဲ့သည့် တတိယစက်မှုတော်လှန်ရေး (Industrial Revolution-3) နှင့် ၂၀၁၁-၂၀၁၂ ခုနှစ် မှစတင်၍ အဆင့်မြင့် အင်တာနက်စနစ်နှင့် ဥာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) ကို အသုံးပြုလာနိုင်သည့်  စတုတ္တစက်မှုတော်လှန်ရေး (4IR) အထိ ထူးခြားစွာ တိုးတက်မှု ဖြစ်စဉ်များ အရှိန်အဟုန်ဖြင့် ပြောင်းလဲလာခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံတော်မှ ချမှတ် ထားသောလုပ်ငန်းစဉ်များနှင့် ဒီဂျစ်တယ်နည်းပညာသစ်များ၏ လျင်မြန်စွာပြောင်းလဲမှုတို့ လိုက်လျောညီထွေရှိစေရန် “Myanmar e- Governance Master Plan 2030” ကိုရေးဆွဲ ထားပြီးဖြစ်သည့်အပြင် ဉာဏ်ရည်တု (AI)  AI Usage Policy ကို လည်းရေးဆွဲလျက်ရှိ ကြောင်း၊ ယနေ့ဆွေးနွေးပို့ချသည့် AI နည်းပညာဆိုင်ရာ အခြေခံအသိပညာများသည် ဝန်ကြီးဌာနမှအကောင်အထည်ဖော်လျက်ရှိသည့် e-Government  မှ Digital Government သို့ ပြောင်းလဲရေးတွင် အထူးအရေးပါပြီး တန်ဖိုးရှိသည့်အတွက် တက်ရောက်သူများမှ သေချာစွာ လေ့လာကြစေလိုကြောင်းနှင့် ယနေ့သိရှိရသော AI နည်းပညာဆိုင်ရာ အသိပညာများဖြင့် ဝန်ကြီးဌာန၏ e-Government သို့ အသွင်ကူးပြောင်းရေး ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားခဲ့သည်။

ဥာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) ဆိုင်ရာ အခြေခံအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနနေပြည်တော်နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင် က ဥာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) ဆိုင်ရာ သိရှိထားသင့်သည့် အခြေခံ အကြောင်းအရာများ၊ ဥာဏ်ရည်တုနည်းပညာ (AI) နှင့် ကျင့်ဝတ်၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအဆိုပြုချက်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ အပါအဝင် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးလုပ်ငန်းများတွင်  AI နည်းပညာဖြင့် ပံ့ပိုးပေးနိုင်မှုအကြောင်းအရာများနှင့် အနာဂတ် AI ဆိုင်ရာ အသိပညာများကို မျှဝေဆွေးနွေးခဲ့ပြီး ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာခင်မာစိုးက AI နည်းပညာဆိုင်ရာအကြောင်း၊ သုတေသနများတွင် အသုံးဝင်မှုများ၊ ကောင်းကျိုးများ၊ risks နှင့် အန္တရာယ်ရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။  

အဆိုပါ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများအပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၀ ကျော် တက်ရောက်ကြသည်။