သတင်းများ

နှစ်သစ်တွင် လူသစ်၊ စိတ်သစ်၊ ခွန်အားသစ်များဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်လျက် ရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံ၍ အားပေးစကားပြောကြား

          မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မှ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များ ကုန်ဆုံး၍ လူသစ်၊ စိတ်သစ်၊ ခွန်အားသစ်များဖြင့် နိုင်ငံ့တာဝန်များ ထမ်းဆောင်နေကြသည့်   ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက  ဝန်ထမ်းများအားလုံး ကျန်းကျန်းမာမာ စုံစုံညီညီဖြင့် နိုင်ငံ့ တာဝန်များ ထမ်းဆောင်နေကြသည်ကို တွေ့ရှိရ၍ မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နှစ်သစ်ကူးရုံးပိတ်ရက်များအပြီးနှင့် ငလျင်လှုပ်ခတ်မှုအပြီး ပြန်လည် ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊  မိမိတို့ရုံး အဆောက်အဦကို ကျွမ်းကျင် အင်ဂျင်နီယာအဖွဲ့ ၃ ဖွဲ့နှင့်  စစ်ဆေးမှုများပြုလုပ်ထားပြီးဖြစ်သဖြင့် ဝန်ထမ်းများ လုံလုံခြုံခြုံ နှင့် စိတ်ချယုံကြည်စွာဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအနေဖြင့်   ကျရာ အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် စေလိုကြောင်း၊ ငလျင်ဒဏ်ကြုံဖူးသော နိုင်ငံများတွင် ပြန်လည်နိုးထ၍ ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို နိုင်ငံများအားလုံး ဆောင်ရွက်ကြရပါကြောင်း၊  နိုင်ငံတော်နှင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ငလျင်ဒဏ်သင့်ဝန်ထမ်းများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် အခြေချနေထိုင်ရေး လုပ်ငန်းစဉ်များတွင် အားလုံး စုံစုံညီညီ ဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ရုံးရှေ့ မော်တော်ယာဉ် ရပ်နား ကွင်းတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်ရေး အဆင်ပြေစေရန် အတွက် ယာယီလူနေခန်းများ၊ လူပျိုဆောင်များ  တည်ဆောက်ထားပါကြောင်း၊ ဝန်ထမ်းများအတွက် ကျား- မ သန့်စင်ခန်းများ၊ မိုးလုံ လေလုံ ကျား-မ ရေချိုးခန်းများနှင့် သုံးရေ ရရှိရေးအတွက် ရေစင်၊ အများသုံး မီးဖိုဆောင် (Community Kitchen) များ ၊ ထမင်းစားခန်းများနှင့် ရုံးဝန်ထမ်းများအတွက် Canteen ကို လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် တစ်ဦးချင်း တစ်ယောက်ချင်းစီက နိုင်ငံ့တာဝန်၊ ဌာနတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် ပိုမိုအရှိန်မြှင့် လုပ်ဆောင်ကြ စေလိုကြောင်းနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ အသိစိတ်ဖြင့် တာဝန်ယူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မင်္ဂလာနှစ်သစ်တွင် ဝန်ထမ်းများအားလုံး ကျန်းကျန်းမာမာဖြင့်  မိမိတို့၏ နေ့စဉ်လုပ်ငန်းတာဝန်များကို ယခုထက်ပိုမို၍ ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်း ပြောကြားခဲ့သည်။

ထို့နောက် ဝန်ထမ်းများက နေထိုင်ရေးနှင့်စပ်လျဉ်း၍ ၎င်းတို့လတ်တလော တွေ့ကြုံ နေရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဖြေရှင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။  

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယာယီဝန်ထမ်းအိမ်ရာများ တည်ဆောက်ပြီးစီးမှုနှင့် လျှပ်စစ်မီး ၊ ရေစင် ၊ သန့်စင်ခန်းများ တည်ဆောက်ပြီးစီးမှုတို့ကို  လှည့်လည်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။