သတင်းများ

နေပြည်တော်၊ သြဂုတ်လ ၂၅ ရက်

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက ဦးဆောင်ရေးဆွဲခဲ့သော မြန်မာနိုင်ငံစီးပွားရေး ပြန်လည် ဦးမော့စေရေး စီမံချက် (Myanmar Economic Recovery Plan- MERP)  အပြီးသတ် ညှိနှိုင်းခဲ့သည့် အစည်း  အဝေးကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ အစည်းအဝေးသို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင် များဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သီးခြားဖိတ်ကြားထားသူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဌာနအသီးသီးမှ အကြီးအကဲများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ 

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ယခုရေးဆွဲထားသည့် မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက်သည် ကိုဗစ်-၁၉ ကြောင့်ထိခိုက်ခဲ့သော နိုင်ငံ့စီးပွားရေး ကို ပြန်လည်ဦးမော့စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ စီးပွားရေးဦးတည်ချက်များနှင့်အညီ မိမိနိုင်ငံ၏ ပကတိ လိုအပ်ချက်များအပေါ် အခြေခံကာ  ကမ္ဘာ့ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ၊ အာဆီယံ ဘက်စုံပြန်လည် ထူထောင်ရေးမူဘောင်၊ မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်၏ ဂျီအမ်အက်စ် ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးစီမံချက် (၂၀၂၁-၂၀၂၃) တို့နှင့်အညီ  ဆက်လက်ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရန် အချက်များကို ပြုစုရေးဆွဲ ထားခြင်း ဖြစ်ပါကြောင်း၊ စီမံချက်သည် လုပ်ငန်းအစီအစဉ်  ၁၀ ခု၊ မျှော်မှန်းချက် ၂၇ ခု၊ လုပ်ငန်းစဉ် ၄၀၇ ခုတို့ဖြင့် ရေးဆွဲထားသည့် Framework တစ်ခုသာဖြစ်ကြောင်း၊ စီမံချက်တွင် ပါရှိသည့် လုပ်ငန်းအစီအစဉ်များနှင့် လုပ်ငန်းစဉ်များအား အခြေအနေပေါ်မူတည်၍ ပြောင်းလဲ ဆောင်ရွက်သွားရန် စီမံထားရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အကောင်အထည်ဖော်ဆောင်မည့် ဝန်ကြီးဌာန အဖွဲ့အစည်းများအနေနှင့် အပြောင်းအလဲများရှိပါက   ပြန်လည် ပြင်ဆင်ဆောင်ရွက် နိုင်ပါကြောင်း၊ လုပ်ငန်းစဉ်များသည် ကာလတိုနှင့် ကာလလတ် စီမံချက်များ ဖြစ်သော်လည်း အချို့သော လုပ်ငန်းစဉ်များမှာမူ ကာလရှည် အမျိုးသားအဆင့် စီမံကိန်းနှင့် ချိတ်ဆက်၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ      စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက်အား အကောင်အထည်ဖော်ဆောင်ရာတွင် ဦးဆောင် မည့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဆိုပါ ဝန်ကြီးဌာန၏ လိုအပ်ချက်အရ ဆက်စပ် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်သည့် အခြားသော ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် လိုအပ်သလို ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော်ဆောင်ရန် ဖြစ်ပါကြောင်း၊ လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် မျှော်မှန်းထားသည့် ရလဒ်များ ပြည့်မီမှု အခြေအနေ ကို သိရှိနိုင်ရန်   သက်ဆိုင်ရာ ကဏ္ဍအသီးသီးအတွက် ညွှန်ကိန်းများ (Key Performance Indicator-KPI) သတ်မှတ်၍ အကောင်အထည်ဖော်မှုအပေါ် ဆန်းစစ်အကဲဖြတ်ခြင်း (Monitoring and Evaluation) များ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ညွှန်ကိန်းများ သတ်မှတ်ဆောင်ရွက်ရေး အားလည်း သက်ဆိုင်ရာ အကောင်အထည်ဖော်ဆောင်မည့် ဝန်ကြီးဌာနများနှင့် ဆက်လက် တိုင်ပင်၍ ထုတ်ပြန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက် သွယ်ရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က စီမံချက်ပါ လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာကြသူများ က စီမံချက် မူကြမ်းအပေါ် ဝိုင်းဝန်းဖြည့်စွက်ဆွေးနွေးကာ စီမံချက် အား ဆက်လက်အတည်ပြုရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ ကြပါသည်။