၀န်ကြီးဌာနသတင်းများ

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ (၃၆) ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့် စီးပွားရေးအရာရှိများ အစည်းအဝေး၊ (၁၄) ကြိမ်မြောက် အာဆီယံ-ရုရှား အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေး၊ (၁၁) ကြိမ်မြောက် အရှေ့အာရှ အဆင့်မြင့်စီးပွားရေးအရာရှိများ အစည်းအဝေးနှင့် တတိယအကြိမ်မြောက် အာဆီယံ-ယူကေ အဆင့်မြင့်စီးပွားရေးအရာရှိများ အစည်းအဝေးတို့ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနယူးဇီလန်၊ ရုရှား၊ အမေရိကန်၊ ယူကေနိုင်ငံတို့မှ အဆင့်မြင့်စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ အစည်းအဝေးများတွင် ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ကုန်သွယ်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Rath Saravuthနှင့်သက်ဆိုင်ရာဆွေးနွေးဖက်နိုင်ငံများ၏ အဆင့်မြင့်စီးပွားရေးအရာရှိများက ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

(၃၆) ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေးကို နံနက် ၈:၃၀ နာရီတွင် စတင်ကျင်းပခဲ့ရာ အာဆီယံ-အမေရိကန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဘောင် အစီအစဉ် (TIFA) နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (E3) လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၂) အကောင် အထည်ဖော်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေကို မှတ်တမ်းတင်ခဲ့ပြီး လုပ်ငန်းအစီအစဉ် (၂၀၂၂-၂၀၂၃) တွင် ထည့်သွင်းထားသည့် နယ်ပယ်များနှင့်စပ်လျဉ်း ၍ ဆွေးနွေးခဲ့သည်။ ထို့အပြင် U.S.-ASEAN Connect နှင့် Inclusive Growth in ASEAN through Innovation, Trade, and E-Commerce (IGNITE) တို့အောက်မှ ဆောင်ရွက်မှုအစီအစဉ်များအပေါ် ဆွေးနွေးခဲ့ကြသည်။

(၁၄) ကြိမ်မြောက် အာဆီယံ-ရုရှား အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေးတွင် အာဆီယံ-ရုရှား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) နှင့် အာဆီယံနှင့် ယူရေးရှားစီးပွားရေးကော်မရှင် (EEC) တို့အကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (PoC) ၂၀၂၀-၂၀၂၅ တို့၏ အကောင် အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများအပေါ် ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် (၁၁) ကြိမ်မြောက် အရှေ့အာရှ အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေးကို ကျင်းပခဲ့ရာ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများနှင့် ကိုဗစ် -၁၉ ကာလအလွန် ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၊ ကမ္ဘာ့စီးပွားရေးတွင် ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံမှုကို ထိခိုက်စေမှုများကို လျှော့ချရန်လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းမှတစ်ဆင့် ပေါင်းစည်းမှု၊ တီထွင်ဆန်းသစ်မှု၊ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ကိုဗစ်ကာလအလွန် အရှေ့အာရှဒေသခေါင်းစဉ်ဖြင့် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေး သုတေသနအဖွဲ့ (ERIA)  က ပြုစုတင်သွင်းသည့် စာတမ်းအပေါ် မှတ်တမ်းတင်ခဲ့သည်။  

ထို့နောက် တတိယအကြိမ်မြောက် အာဆီယံ-ယူကေ အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အာဆီယံ-ယူကေ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအပေါ် မှတ်တမ်းတင်ခဲ့ပြီး ယူကေနိုင်ငံ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်လိုသည့် အစီအစဉ်များအပေါ် ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် အာဆီယံနှင့် ယူကေတို့အကြား အနာဂတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ကို အတည်ပြုခဲ့သည်။

အဆိုပါ အစည်းအဝေးများသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာနမှ အဆင့်မြင့်အရာရှိများ လည်း တက်ရောက်ခဲ့ကြသည်။