၀န်ကြီးဌာနသတင်းများ

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပသည့် (၅၄) ကြိမ်‌မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကာလအတွင်း ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ရုရှား၊  ကိုရီးယား၊ တရုတ်၊ အာဆီယံ+၃၊ အရှေ့အာရှ(EAS)၊ ဟောင်ကောင် (တရုတ်) (HKC)ကနေဒါ၊ ဂျပန်၊ အီးယူ၊ အမေရိကန်၊ ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးများ၊ ပထမအကြိမ် ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးများ အစည်းအဝေးနှင့် (၁၄) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) စီးပွားရေးဝန်ကြီးများ အစည်းအဝေးများကို ဆက်လက် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေး ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ဟောင်ကောင်(တရုတ်)၊ အမေရိကန်၊ ရုရှား၊ အီးယူ နှင့် ကနေဒါနိုင်ငံတို့မှ စီးပွားရေး ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးများတွင် ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး H.E. Pan Sorasak နှင့် သက်ဆိုင်ရာ ဆွေးနွေးဖက်နိုင်ငံများမှ စီးပွားရေး ဝန်ကြီးများက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

(၁၉) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ စီးပွားရေးဝန်ကြီးများအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈:၃၀ နာရီတွင် စတင်ကျင်းပခဲ့ရာ အစည်း အဝေးတွင် အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်ကို ပြန်လည်သုံးသပ်ခြင်း အတွက် နယ်ပယ်များသတ်မှတ်သည့်စာတမ်းကို အတည်ပြုခဲ့ပြီး အာဆီယံ-အိန္ဒိယ ကုန်စည် ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

(၁၁) ကြိမ်မြောက် အာဆီယံ-ရုရှား စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ဒေသစံတော်ချိန် ၁၀:၄၅ နာရီတွင် ဆက်လက်ကျင်းပခဲ့ရာ အစည်းအဝေးတွင် အာဆီယံ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)  အကောင်အထည် ဖော်မှု နှင့်  အာဆီယံနှင့် ယူရေးရှားစီးပွားရေး ကော်မရှင်တို့အကြား ချုပ်ဆိုထားသည့် နားလည်မှု စာချွန်လွှာကို အကောင်အထည်ဖော်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့သည်။  

မွန်းလွဲပိုင်းတွင် (၁၉) ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ အစည်းအဝေးတွင် အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင် အထည်ဖော်မှု၊ အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ခြင်း အတွက် ပူးတွဲလေ့လာမှု၊ ဒီဂျစ်တယ် ကုန်သွယ်မှု သုတေသနဆောင်ရွက်မှုနှင့် အာဆီယံ-ကိုရီးယား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ (၁၄) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ အစည်းအဝေးတွင် စီအယ်လ်အမ်ဗွီအဆင့်မြင့် စီးပွားရေးအရာရှိများ၏ အစီရင်ခံစာနှင့်  စီအယ်လ်အမ်ဗွီ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂) ၏ အကောင်အထည်ဖော်မှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြပြီး စီအယ်လ်အမ်ဗွီ လုပ်ငန်းစီမံချက်များအတွက် လမ်းညွှန်မူ၊ လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၄) နှင့် စီအယ်လ် အမ်ဗွီဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင် အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်တို့ကို အတည်ပြုခဲ့သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၉:၀၀ နာရီတွင် (၂၁) ကြိမ် မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို စတင်ကျင်းပခဲ့ရာ အစည်း အဝေးတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှု အခြေ အနေအပေါ် ဆွေးနွေးခဲ့ကြပြီး လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ရေးအတွက် နယ်ပယ်များနှင့် စပ်လျဉ်းသည့် ပူးတွဲဖြစ်နိုင်ချေ လေ့လာဆန်းစစ်မှု အစီရင်ခံစာ နှင့် ကိုဗစ် -၁၉ ကပ်ရောဂါအလွန် စီးပွားရေးပြန်လည် ထူထောင်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နှင့် စပ်လျဉ်း သည့် ပူးတွဲကြေညာချက်တို့ကို အတည်ပြုခဲ့သည်။ ထို့ပြင် အာဆီယံ-တရုတ် ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၆) အပေါ် ဆွေးနွေးခဲ့သည်။

(၂၅) ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး (ASEAN+3) (တရုတ်၊ ဂျပန်၊ ကိုရီးယား) စီးပွားရေး ဝန်ကြီးများ အစည်းအဝေးကို ဒေသစံတော်ချိန် ၁၀:၄၅ နာရီတွင် ဆက်လက်ကျင်းပခဲ့ရာ အစည်းအဝေးတွင် အာဆီယံ အပေါင်းသုံး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၂) အကောင် အထည်ဖော်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ လျော့နည်းစေရေး အာဆီယံအပေါင်းသုံး လုပ်ငန်းစီမံချက်တို့၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ များကို မှတ်တမ်းတင်ခဲ့ပြီး အာဆီယံအပေါင်းသုံးစီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း အစီအစဉ် (၂၀၂၃-၂၀၂၄) ကို အတည်ပြုခဲ့သည်။

မွန်းလွဲပိုင်းတွင် (၁၀) ကြိမ်မြောက် အရှေ့အာရှစီးပွားရေးဝန်ကြီးများ အစည်းအဝေး(EAS)ကို အလုပ်သဘော နေ့လည်စာစားပွဲဖြင့်ကျင်းပခဲ့ရာ အစည်းအဝေးတွင် (၁၂) ကြိမ်မြောက် ကမ္ဘာ့ ကုန်သွယ် ရေးအဖွဲ့ဝန်ကြီးများ ညီလာခံ၏ ရလဒ်များ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စိန်ခေါ်မှုများ၏ အကျိုးသက်ရောက်မှုများကို လျော့ပါးစေရန် အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ဆောင်ရွက်ရန် နည်းလမ်းများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ည်။ ထို့နောက် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းမှတစ်ဆင့် ပေါင်းစည်းမှု၊ တီထွင်ဆန်းသစ်မှု၊ အားလုံး ပါဝင်ပြီး ရေရှည် တည်တံ့ခိုင်မြဲသည့် ကိုဗစ်ကာလအလွန် အရှေ့အာရှဒေသခေါင်းစဉ်ဖြင့် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနအဖွဲ့က ပြုစုတင်သွင်းသည့် စာတမ်းကို မှတ်တမ်းတင် ခဲ့သည်။

ထို့နောက် () ကြိမ်မြောက် အာဆီယံ-ဟောင်ကောင် (တရုတ်) စီးပွားရေးဝန်ကြီးများ အစည်း အဝေးကို ဆက်လက်ကျင်းပခဲ့ရာ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်နှင့် အာဆီယံ-ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်တို့အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးများက အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ကို အသုံးပြု၍ ကုန်သွယ်ရေး ယှဉ်ပြိုင်မှုများ တိုးမြင့်လာစေရေး စီးပွားရေးလမ်းညွှန် စာအုပ်ကို စတင်မိတ်ဆက်ခြင်းအပေါ် ကြိုဆိုခဲ့သည်။

(၁၁) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများအစည်းအဝေးကို ဒေသစံတော်ချိန် ၁၆:၀၀ နာရီတွင် ကျင်းပခဲ့ရာ အစည်းအဝေးတွင် အာဆီယံ-ကနေဒါ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု ပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်မည့်လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) ၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေနှင့် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် စေ့စပ်ညှိနှိုင်းမှုနှင့် စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှုအစီရင်ခံစာတို့အပေါ် ဆွေးနွေးခဲ့သည်။ 

ပထမအကြိမ် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးများအစည်းအဝေးကို ဆက်လက် ကျင်းပခဲ့ရာ အစည်းအဝေးတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်အကောင်အထည်ဖော်ခြင်းနှင့် အသုံးပြုခြင်းတို့မှ ရရှိသည့် အတွေ့ အကြုံများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ပူးတွဲကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု၊  ပူးတွဲကော်မတီ၏ လုပ်ငန်းအဖွဲ့ခွဲများ တည်ထောင်မှု နှင့် အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် (၂၈) ကြိမ်မြောက် အာဆီယံ-ဂျပန် စီးပွားရေး ဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ပထမအခြေပြ စာချုပ် အသက်ဝင်ခြင်းကို ကြိုဆိုခဲ့ပြီး အာဆီယံ-ဂျပန် မဟာဗျူဟာမြောက် ၁၀ နှစ်တာ လမ်းပြမြေပုံ၏ အကောင်အထည်ဖော်မှုနှင့် ၂၀၂၃ ခုနှစ်အတွက် အာဆီယံ-ဂျပန် နှစ်(၅၀) ပြည့် အထိမ်းအမှတ်အနေဖြင့် ဆောင်ရွက်မည့် အာဆီယံ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အဆိုပြုချက်အပေါ် ဆွေးနွေးခဲ့ကြသည်။

(၁၈) ကြိမ်မြောက် အာဆီယံ-အီးယူ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ဒေသစံတော်ချိန် နံနက် ၁၀:၄၅ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ဝန်ကြီးများက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအစီအစဉ် (၂၀၂၂-၂၀၂၃) ကို အတည်ပြုခဲ့ပါသည်။  ထို့ပြင် အာဆီယံ-အီးယူ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်ချုပ်ဆိုမည့် ရည်မှန်းချက်ကို ကာလရှည် ရည်မှန်းချက်အဖြစ် သတ်မှတ်ပြီး ကာလတို ကာလလတ်တွင် ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် အခြားအစီအစဉ်များဖြင့် ဆောင်ရွက်ရေးတို့အပေါ် ဆွေးနွေးခဲ့သည်။

မွန်းလွဲပိုင်းတွင် အာဆီယံနှင့် အမေရိကန်စီးပွားရေးဝန်ကြီးများ၏ အစည်းအဝေးကို ဒေသ စံတော်ချိန် ၁၅:၄၅ နာရီတွင် ကျင်းပခဲ့ရာ အစည်းအဝေးတွင် အာဆီယံ-အမေရိကန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်အစီအစဉ်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ ၂၀၂၁-၂၀၂၂ လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှုအခြေအနေကို ဆွေးနွေးခဲ့ကြပြီး ၂၀၂၂-၂၀၂၃ လုပ်ငန်း အစီအစဉ်ကို ဝန်ကြီးများက အတည်ပြုခဲ့သည်။

ထို့နောက် (၂၇) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ဒေသစံတော်ချိန် ၁၇:၃၀ နာရီတွင် ကျင်းပခဲ့ရာ ဝန်ကြီးများက အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ခြင်းဆိုင်ရာ သဘောတူ စာချုပ်ကို အဆင့်မြှင့်တင်မည့် ဒုတိယအခြေပြစာချုပ် ညှိနှိုင်းမှုအခြေအနေနှင့် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အထောက်အပံ့ ပြုရေး အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံက အခြားအာဆီယံနိုင်ငံများနည်းတူ ပါဝင်ဆောင်ရွက်မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရေး ဆောင်ရွက်မှု အခြေအ နေများကို ဆွေးနွေးခဲ့သည်။ ယခုအစည်းအဝေးများသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား စီးပွားရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ် မျက်နှာစုံညီ ကျင်းပသည့် အစည်းအဝေးများဖြစ်သည်။

အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိ၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးများသို့ ပါဝင် တက်ရောက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းတွင် လည်းကောင်း၊ ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်း တွင် လည်းကောင်း ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။