၀န်ကြီးဌာနသတင်းများ

လာအိုနိုင်ငံ၊ လွန်ပရာဘမ်မြို့၌ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသော ၂၅ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီးများအဆင့်အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဝန်ကြီးများအဆင့် အလွတ်သဘော အစည်းအဝေးကို ကျင်းပခဲ့ပြီး ဂျီအမ်အက်စ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဂျီအမ်အက်စ် အသိပညာကွန်ရက် ထူထောင်ခြင်းဆိုင်ရာကိစ္စရပ်များအပေါ်ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များအကြား အလွတ်သဘော ဆွေးနွေးခဲ့သည်။

 မွန်းလွဲပိုင်းတွင် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများအဆင့် စုံညီအစည်းအဝေးကို “အားလုံး ပါဝင်ပြီး ရေရှည် ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် နှစ် (၃၀) အတွင်း ရရှိခဲ့သည့် မဟာ မဲခေါင်ဒေသခွဲ၏ အောင်မြင်မှုများမှတဆင့် စီးပွားရေးပြန်လည်ကောင်းမွန်ရေးကို အရှိန်မြှင့်တင် ဆောင်ရွက်ရေး” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ဂျီအမ်အက်စ် အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဋ္ဌတို့က အမှာ စကား အသီးသီး ပြောကြားခဲ့ကြပါသည်။

ဝန်ကြီးများအဆင့် စုံညီအစည်းအဝေးတွင် အဆင့်မြင့်အရာရှိများအစည်းအဝေး၊ စီးပွားရေး ကောင်စီအစည်းအဝေးနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအစည်းအဝေးအစီရင်ခံစာတို့ကို အသီးသီး ရှင်းလင်း တင်ပြခဲ့ပြီး ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုမူဘောင်အသစ် (၂၀၂၃-၂၀၂၅)၊ ဂျီအမ်အက်စ် မဟာဗျူဟာ မူဘောင် ၂၀၃၀ အတွက် ရလဒ်မူဘောင်ဂျီအမ်အက်စ် ကျားမရေးရာ မဟာဗျူဟာ၊ ဂျီအမ်အက်စ် ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကနဦးလုပ်ဆောင်ချက်တို့ကို အတည်ပြုခဲ့ပြီး (၂၅) ကြိမ်မြောက် ဂျီအမ်အက်စ်ဝန်ကြီးများအဆင့် အစည်းအဝေး၏ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါအစည်းအဝေးများကို အိမ်ရှင်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံ၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု  ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ခမ်ဂျနီ ဗွန်ဖိုစီက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်၊ အရှေ့အာရှ၊ အရှေ့တောင်အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌ မစ္စတာ အာမက် အမ် ဆာဆိက တွဲဖက်သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ (၂၅) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများအဆင့် စုံညီအစည်းအဝေးသို့ မဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံညှိနှိုင်းရေးမှူးများ၊ အဆင့်မြင့်အရာရှိများ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၅၀) ခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။