၀န်ကြီးဌာနသတင်းများ

(၄၄) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (44th Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI) အစည်းအဝေးကို  အင်ဒိုနီးရှားနိုင်ငံ၊ လန်ဘုတ်ကျွန်းတွင် ၂၀၂ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ပါဝင် တက်ရောက်ပါသည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲမှုတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းအနေဖြင့် ထည့်သွင်းလိုသည့် ကိစ္စရပ်များ၊  အသစ်ထွက်ပေါ်လာသည့် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာကိစ္စရပ်များ၊ အင်ဒိုနီးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၃ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ် ခဲ့သည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုးတက်မှုအခြေအနေ၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းပုံစံ ၂၀၂၅ အကောင်အထည်ဖော်မှုအပေါ် ဘက်စုံစောင့်ကြည့် လေ့လာရေး အကဲဖြတ်မှု၏ ဖြစ်ပေါ် တိုးတက်မှု အခြေအနေစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အာဆီယံဒေသ ဖြစ်လာစေရေးအတွက် ကာဗွန်လျှော့ချရေးဆိုင်ရာ အာဆီယံဗျူဟာရေးဆွဲမှု၊ အာဆီယံဒေသတွင်း လျှပ်စစ်မော်တော်ယာဉ် (EV) အသုံးပြုမှုစနစ်နှင့် ဝန်းကျင်တစ်ရပ် ဖြစ်ပေါ် စေရေး၊ ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် အာဆီယံအပြာရောင်စီးပွားရေးမူဘောင် (ASEAN Blue Economy Framework)  ရေးဆွဲမှုနှင့် အာဆီယံ၏ ချုပ်ဆိုပြီးသော လွတ်လပ် သော ကုန်သွယ်မှုဒေသအသုံးပြုမှု ( Utilization of FTAs) အခြေအနေများအပေါ် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ ကောင်းမွန်သော လုပ်ထုံးလုပ်နည်းဆိုင်ရာ အာဆီယံ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု ၊ စတုတ္ထ စက်မှုအသွင်ကူးပြောင်းမှုဆိုင်ရာ အာဆီယံ မဟာဗျူဟာကို အကောင်အထည်ဖော်မှု၊ အာဆီယံ ဒစ်ဂျစ်တယ် စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ ဘမ်ဂါဆီရီ ဘီဂါဝမ် လမ်းပြမြေပုံ အကောင်အထည်မှု တို့ကို မှတ်တမ်းတင်ခဲ့သည်။ ထို့အပြင် အစည်းအဝေး ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပမည့် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် စက်တင်ဘာလတွင် ကျင်းပမည့် အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီသို့ တင်ပြမည့် အကြံပြုချက်များကိုလည်း ညှိနှိုင်း ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဒုတိယဝန်ကြီး  H.E  Edi Prio Pambudi က အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြပါသည်။ ယခုအစည်းအဝေး တွင် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ အစည်းအဝေး သဘာပတိ အဖြစ် အင်ဒိုနီးရှားနိုင်ငံမှ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံသို့ လွှဲပြောင်းခဲ့ပါသည်။ နောက်လာမည့် (၄၅) ကြိမ်မြောက် အစည်းအဝေးမှစတင်၍ လာအိုနိုင်ငံမှ သဘာပတိ အိမ်ရှင်နိုင်ငံအဖြစ် စတင် ဆောင်ရွက်တော့မည် ဖြစ်ပါသည်။

အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးကို တစ်နှစ်လျှင် (၂) ကြိမ် ကျင်းပ၍ အာဆီယံစီးပွားရေး အသိုက်အဝန်း၏ အကြံပေးအဖွဲ့ (Think Tank) အနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း၏ ရှေ့လုပ်ငန်းစဉ်များ၊ အကြံပြုချက်နှင့် ထောက်ခံတင်ပြချက်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သည့်အဖွဲ့ ဖြစ်ကြောင်း သိရှိရပါသည်။

***********************