၀န်ကြီးဌာနသတင်းများ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) အနေဖြင့် အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် -၂၀၄၅ မဟာဗျူဟာစီမံကိန်း (Strategic Plan) ရေးဆွဲရေးတွင် ထည့်သွင်းမည့် ဦးစားပေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံ၏ အေအီးစီ ဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍ ကျင်းပခဲ့ရာ အာဆီယံ စီးပွားရေး အသိုက်အဝန်း မဏ္ဍိုင်အောက်ရှိ ဘာသာရပ်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများ ၅၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

        အဆိုပါညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် (၃၄) ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ မှတ်တမ်းတင်ပြီးဖြစ်သည့် အာဆီယံအသိုက် အဝန်း မျှော်မှန်းချက် ၂၀၄၅ အရ မဏ္ဍိုင် ၃ ရပ်အောက်မှ ကဏ္ဍအလိုက် မဟာဗျူဟာစီမံကိန်း (Strategic Plan) ရေးဆွဲရာတွင် ထည့်သွင်းမည့် ဦးစားပေးလုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ဦးစားပေးအကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းများအကြား ချိတ်ဆက်ဆောင်ရွက် နိုင်ရန်နှင့်  မြန်မာနိုင်ငံမှ အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်မှုကို လေ့လာ သုံးသပ်မှုများပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

          အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ကို  နောင် နှစ် (၂၀) အထိ မျှော်မှန်းချက်အနေဖြင့် ရေးဆွဲခဲ့ပါကြောင်း၊  အာဆီယံ မျှော်မှန်းချက် ၂၀၄၅ ကို တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်သော ပြည်သူဗဟိုပြု အာဆီယံ” (Resilient,  Innovative, Dynamic, and  People-Centred ASEAN)  ရည်မှန်းချက် များဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ကောင်စီအစည်းအဝေး (ACC) မှာ အတည်ပြုခဲ့ပြီး၊ (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မျှော်မှန်းချက်ကို အတည်ပြုပြီးဖြစ်၍ မဏ္ဍိုင် ၃ ရပ်အောက်မှ လုပ်ငန်းအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် မဟာဗျူဟာစီမံကိန်း (Strategic Plan) ရေးဆွဲရေးကို ဆက်လက်ဆောင်ရွက်ရန် ရှိပါကြောင်း၊ ထိုသို့ရေးဆွဲရာတွင် မြန်မာနိုင်ငံက ဆောင်ရွက်နေသည့် ဦးစားပေးလုပ်ငန်းများနှင့်ချိတ်ဆက်သွားနိုင်ရေးအတွက် ပါဝင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံက အေအီးစီလုပ်ငန်းများ အကောင် အထည်ဖော်မှုများတွင်အခြားနိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်နေသော်လည်း  မြန်မာနိုင်ငံက ရရှိသည့်အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများကို အမှန်တကယ်လေ့လာ သုံးသပ်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍ အလိုက် အေအီးစီအောက်မှ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် အရေအတွက် (Quantity) နှင့် အရည်အသွေး (Quality) ဆိုင်ရာ အကျိုးကျေးဇူးများ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့်  အနာဂတ်တွင် အာဆီယံ အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုသည့် အချက်များကို ပြုစုထားသည့် ပုံစံတွင် ဖြည့်စွက်၍ ပြန်လည်ပေးပို့ပေးစေလိုကြောင်း၊ အဆိုပါအချက်များကို အခြေခံ၍ မြန်မာနိုင်ငံ၏ အေအီးစီဆိုင်ရာ အကောင်အထည်ဖော်မှုများကို လေ့လာသုံးသပ်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် အစည်းအဝေးသို့ ကဏ္ဍ (၂၂) ခုမှ တက်ရောက်လာသူများက ကဏ္ဍအလိုက် ဆောင်ရွက်မှု အခြေအနေများနှင့် တွေ့ကြုံရသည့်စိန်ခေါ်မှုများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးကို ၁၂၃၀ နာရီတွင် ပြီးမြောက်ခဲ့ပါသည်။