၀န်ကြီးဌာနသတင်းများ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံ အစိုးရတို့ အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော် ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၃ စောင် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

              အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသမ္မတ နိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Mr. Ashish Sharma နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

              အခမ်းအနားတွင် “မြန်မာနိုင်ငံ အလယ်ပိုင်း၊ အပူပိုင်းဇုန်ဒေသရှိ မိုးခေါင်ရေရှား ကျေးရွာများတွင် ဆိုလာစွမ်းအင်ဖြင့် ရေပေးဝေရေးစီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာ” နှင့် “ဌာနဆိုင်ရာ အီလက်ထရောနစ် စာကြည့်တိုက် စီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာ” တို့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသမ္မတနိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Mr. Ashish Sharma တို့က လက်မှတ်ရေးထိုးကြပြီး “ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၌ အသေးစား လေစွမ်းအင် ဖြင့် ကျေးလက်ဒေသများ လျှပ်စစ်မီးပေးရေး စီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာ” ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Mr. Ashish Sharma တို့က လက်မှတ်ရေးထိုးကြသည်။

 

              စုစုပေါင်း စီမံချက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ရှိသည့် အဆိုပါ နားလည်မှု စာချွန်လွှာ ၃ စောင် လက်မှတ်ရေးထိုးခြင်းဖြင့် အပူပိုင်းဇုန်၊ မိုးခေါင်ရေရှားသည့်ဒေသများတွင် ဆိုလာစွမ်းအင်ဖြင့် သန့်ရှင်းသောရေ လုံလောက်စွာပေးဝေနိုင်ခြင်း၊ အီလက်ထရောနစ် စာကြည့် တိုက် တည်ထောင်နိုင်ခြင်းနှင့် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို လေစွမ်းအင်ဖြင့် လျှပ်စစ် မီးပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးအတွက် အထောက်အကူပြု နိုင်မည် ဖြစ်သည်။

              Quick Impact Project (QIP) သည် စီမံချက်တန်ဖိုးအားဖြင့် စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုး ခွင့်ပြုပေးပြီး အလားတူစီမံချက်များအား မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန် ရှိကြောင်း သတင်းရရှိသည်။