၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (China International Development Cooperation Agency-CIDCA) ဥက္ကဋ္ဌဖြစ်သူ Mr. Chen Xiaodong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ Park Royal Hotel ၌ လက်ခံတွေ့ဆုံသည်။

ထို့သို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီး ဖြစ်ပွားခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများ အတွက် တရုတ်နိုင်ငံအစိုးရ၏ အချိန်နှင့်တစ်ပြေးညီ လူသားချင်း စာနာထောက်ထားမှု၊ အကူအညီ အထောက်အပံ့များ ပေးအပ်ခဲ့မှုအခြေအနေ၊ ငလျင်အလွန် ပြန်လည်ထူထောင်ရေး စီမံကိန်းများ၊ နှစ်နိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဥ်း၍ နှစ်ဖက်ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ ဌာနအဆင့်မြင့်အရာရှိကြီးများနှင့် တရုတ်နိုင်ငံဘက်မှ CIDCA ၏ ဒေသရေးရာဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် CIDCA မှ ကိုယ်စား လှယ်များနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။