၀န်ကြီးဌာနသတင်းများ

နေပြည်တော် ၊၂၀၂၁ ခုနှစ် ၊ ဩဂုတ်လ ၁၈ ရက်
၂၀၂၁ ခုနှစ် ၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် အကြိမ်(၄၀)မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (40th Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI ) အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ဉီးဆောင်၍ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနက တာဝန်ရှိသူများ ပါဝင်တက်ရောက်သည်။


အဆိုပါ အစည်းအဝေးတွင် နိုင်ငံအလိုက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး ဆောင်ရွက်နေမှုများနှင့် ဒေသတွင်း ဖြစ်ပေါ်နေသည့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊ အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင်၏ လုပ်ငန်းများ အကောင်အထည် ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၁ ခုနှစ်အတွက် ချမှတ်ထားသည့် စီးပွားရေးဆိုင်ရာဦးစားပေးလုပ်ငန်း စဉ်များကို အကောင်အထည်ပြီးစီးမှု အခြေအနေများ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ) လမ်းပြမြေပုံ ၂၀၂၅ ကာလလယ် သုံးသပ်ချက် အစီရင်ခံစာ၏ အကြံပြုချက်များအပေါ် ကဏ္ဍဆိုင်ရာ အလိုက် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ စတုတ္ထ စက်မှုအသွင် ပြောင်းလဲမှုဆိုင်ရာပေါင်းစည်းမှု မဟာဗျူဟာ  ရေးဆွဲချမှတ်ဆောင်ရွက်ရေးအတွက် ညှိနှိုင်းပြီးစီးမှုနှင့် အတည်ပြုနိုင်ရေးကိစ္စများ၊ ၂၀၂၅ ခုနှစ်အလွန် အာဆီယံမျှော်မှန်းချက်အတွက် ကြိုတင်ပြင်ဆင်မှု နှင့် ၂၀၂၂ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမည့် ကမ္ဘောဒီးယားနိုင်ငံ၏ ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ညှိနှိုင်းဆွေးနွေး ကြပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှုများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို အစိုးရကအရှိန်မြှင့်တင်ဆောင်ရွက်နေမှုများ၊ ပုဂ္ဂလိကကဏ္ဍမှလည်း ကာကွယ်ဆေးထိုးရေး လုပ်ငန်းစဉ်များတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိမ်းချုပ်ရေးအတွက် လိုအပ်သည့် ဆေးနှင့်ဆေးကိရိယာပစ္စည်းများကို လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အာဆီယံနိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်မှုများကို ပြောကြားခဲ့သည်။ ထို့ပြင်  မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် ( Myanmar Economic Recovery Plan -MERP) ကို ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင်၏ လုပ်ငန်းများကို မြန်မာနိုင်ငံက လိုက်ပါအကောင်အထည်ဖော်မှု အခြေအနေနှင့် လိုအပ်ချက်များကို  ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အနေဖြင့် (၅၃)ကြိမ် မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးသို့ အာဆီယံစီးပွားရေး ပြန်လည် ထူထောင်ရေး ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) လမ်းပြမြေပုံ ၂၀၂၅ ကာလလယ် သုံးသပ်ချက် အစီရင်ခံစာပါ အကြံပြုချက်များကို လည်းကောင်း၊  စတုတ္ထစက်မှုအသွင် ပြောင်းလဲမှုဆိုင်ရာ ပေါင်းစည်းမှု မဟာဗျူဟာကို အတည်ပြုရန် ကိစ္စရပ်ကိုလည်းကောင်း၊  ၂၀၂၅ ခုနှစ် အလွန်အတွက် အာဆီယံ၏ မျှော်မှန်းချက် ရေးဆွဲ ဆောင်ရွက်ရန်အတွက် အကြံပြုချက်များကိုလည်းကောင်း တင်ပြမည်ဖြစ်ပါသည်။
အစည်းအဝေးတွင် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် H.E Gabriel Lim က အစည်းအဝေး သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတန်းအတွင်းဝန်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြပါသည်။