၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ ဇူလိုင်လ  ၂၉   ရက်


မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက် နေ့လယ် ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ video conference စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကြိုတင်ရိုက်ကူးထားသည့် Video Clip ဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည်လည်း အဆိုပါအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။


ဆွေးနွေးပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  အမှာစကား ပြောကြားရာတွင်  ဂျပန်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး၊ ထိုသို့ ဖန်တီးပေးနိုင်ခြင်း သည် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း၏ အဓိကအချက် တစ်ခုဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။


COVID-19 အလွန် စီးပွား‌ရေးလုပ်ငန်းများပြန်လည်ထူထောင်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များ ပိုမိုဖော်ဆောင်နိုင်ရေးအတွက် ကျင်းပသော မြန်မာ - ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံအဆောက်အဦ စီမံကိန်းသစ်(၂)ခု အကောင်အထည် ဖော်နိုင်ရေး ထည့်သွင်းဆွေးနွေးခဲ့ပြီး အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းသစ်များအား သိရှိနိုင်ရန်အတွက် ဂျပန်စီးပွားရေး လုပ်ငန်းရှင်ပေါင်း (၁၀၀၀) ကျော် တက်ရောက်သည်။


ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်ရေးအဖွဲ့ ဥက္ကဌ Mr. Sasaki Nobuhiko က မြန်မာနိုင်ငံသည် ပိုမို ဆွဲဆောင်မှုရှိသော ရင်းနှီးမြုပ်နှံမှု နေရာ တစ်ခုဖြစ်ကြောင်း၊ ဂျပန်ကုမ္ပဏီများအနေဖြင့်လည်း မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံနိုင်မည့် နေရာသစ်တစ်ခုအဖြစ် ခံစားမိကြပါကြောင်းနှင့် ယနေ့ ဖိုရမ်သည် လာမည့်နှစ်များ၌ မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ နောက်ထပ်ရင်းနှီးမြှုပ်နှံမှု များဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။


မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama ကလည်း COVID-19 ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြသည့် မြန်မာအစိုးရနှင့် ပြည်သူများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ဂျပန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးနှင့် အစိုးရ၏ နိုင်ငံတော်တည်ဆောက်ရေးကြိုးပမ်းမှုများတွင် အပြည့်အဝ ဆက်လက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဂျပန်နိုင်ငံ၏စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Mr.Nakano Hiromasa ကလည်း  မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ပထဝီနိုင်ငံရေးဆိုင်ရာ အရေးပါမှုအပေါ် အသိအမှတ်ပြု ကြောင်းနှင့် မြန်မာနိုင်ငံသည် စက်မှုလုပ်ငန်းများတွက် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု တည်ရှိရာ နေရာ ဖြစ်ကြောင်းပြောကြားသည်။


ဆက်လက်၍ ဂျပန်နိုင်ငံ၏အကြီးမားဆုံး ကော်ပိုရေးရှင်းများဖြစ်သော ဆူမီတိုမို၊ မစ်ဆူဘီရှီ၊ မာရူဘီနီနှင့် ကာဗာကီတို့၏ ကိုယ်စားလှယ်များက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု အတွေ့အကြုံ များနှင့်ပတ်သက်၍ မြန်မာအစိုးရအဆင့်မြင့် အရာရှိများနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူ များနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး သီလဝါရှိ One-Stop-shop ရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အပြုသဘောဆောင်သည့် အတွေ့အကြုံများကိုထည့်သွင်း ဆွေးနွေးခဲ့ကြသည်။


ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က  မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်နေမှု အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်အနောက်ပိုင်းစက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းသစ်နှင့် မွန်ပြည်နယ်တွင် အကာင်အထည်ဖော် ဆောင်ရွက်မည့် အထူးစီးပွားရေးဇုန် သစ်တို့နှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိကြောင်း ထည့်သွင်းပြောကြား သည်။


ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးက  အထူးစီးပွားရေးဇုန်အသစ်သည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ချိတ်ဆက်နိုင် မည်ဖြစ်ပြီး မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက်စင်္ကြံ တို့သို့ ချိတ်ဆက်‌ပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ အထူးစီးပွားရေးဇုန်သည် အခြားရှိနှင့်ပြီးသော အထူးစီးပွားရေးဇုန်များထက် ပိုမိုကြီးမားပြီး ချိတ်ဆက်မှု ပိုရရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်အနောက်ပိုင်းစက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းကဲ့သို့ပင် ဤအထူးစီးပွားရေးဇုန်သစ်သည် ကမ္ဘာ့အဆင့်မီ ပွင့်လင်းမြင်သာမှုရှိသည့်အပြင်  နိုင်ငံတကာ နှင့်လည်း ယှဉ်ပြိုင်လာနိုင်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။


ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်မှ ပြောကြားရာတွင် ရန်ကုန်အနောက်ပိုင်းစက်မှုဇုန် တည်ဆောက်ရေးအတွက် ရင်းနှီးတည် ဆောက်မည့်ကုမ္ပဏီရွေးချယ်ရန် နိုင်ငံတကာအကြံပေးအဖွဲ့ကို ရွေးချယ်လျက်ရှိကြောင်း၊ ယင်းနိုင်ငံတကာ အကြံပေးအဖွဲ့နှင့်ပေါင်းစပ်၍ ပွင့်လင်းမြင်သာသည့် စွစ်ယှဉ်ပြိုင်မှုတင်ဒါ စနစ်ဖြင့် ရင်းနှီးတည်ဆောက်သူအား ရွေးချယ်သွားမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။ ထို့အပြင် အထူးစီးပွားရေးဇုန်အသစ်၏ နေရာရွေးချယ်ရေးနှင့်ပတ်သက်၍ ဒေသတွင်းနိုင်ငံ များအကြားဆက်သွယ်ထားသည့် စီးပွားရေးစင်္ကြန်နှင့် အလွယ်တကူ ချိတ်ဆက်နိုင်သည့် နေရာဖြစ်ခြင်း၊ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်မည့်နေရာဖြစ်ခြင်း၊ ပြည်တွင်းသယ် ယူပို့ဆောင်ရေး ကွန်ယက်မှတစ်ဆင့် သီလဝါအထူးစီးပွားရေးဇုန်နှင့် အလွယ်တကူ ချိတ်ဆက်နိုင်မည့်နေရာဖြစ်ခြင်း စသည့်အချက်များနှင့် ပြည့်စုံသည့်နေရာတွင် ယင်းအထူးစီးပွားရေးဇုန် အသစ်ကို တည်ဆောက်ရန်လျာထားကြောင်း၊ ယင်းမဟာဗျူဟာမြောက် နေရာကို ရွေးချယ်ရန် အတွက် နိုင်ငံတကာအကြံပေးအဖွဲ့ဖြင့် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု များနှင့် Master Plan ကိုရေးဆွဲကာ ရင်းနှီးတည်ဆောက်သူကို ပွင့်လင်း မြင်သာစွာရွေးချယ် သွားမည်ဖြစ်ကြောင်း၊ ယင်းအထူးစီးပွားရေးဇုန်အသစ်နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့ ချိတ်ဆက်၍ အထူးစီးပွားရေးဇုန်တစ်ခုတည်းအသွင်ဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ် ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။


မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သည် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များ မြှင့်တင်ရန်၊  ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု နှင့်ပတ်သက်သည့် ပြုပြင် ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ နောက်ဆုံးသတင်းများကိုတင်ပြရန်၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု ပိုမို ခိုင်မာစေရန် နှင့် COVID-19 ကာလအလွန်တွင် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် လူအချင်းချင်း ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမိုခိုင်မာလာစေရန် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။