၀န်ကြီးဌာနသတင်းများ


၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇၊ နေပြည်တော်


ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UNESCAP) ၏ (၇၇) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို Video Conference စနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးသန်းအောင်ကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
အစည်းအဝေးကို “Building back better from crises through regional cooperation in the Asia and the Pacific” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနား၌ ကုလသမဂ္ဂ ဌာနချုပ်၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ (ECOSOC) နှင့် UNESCAP မှ အကြီးအကဲများက အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး အာရှ-ပစိဖိတ် ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များ/ အစိုးရအဖွဲ့ခေါင်းဆောင်များက COVID-19 ကပ်ရောဂါအလွန် ပိုမိုကောင်းမွန် အောင် ပြန်လည်တည်ဆောက်ရေးအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒများ၊ အကြံပြုချက်များကို Video message များဖြင့် အသီးသီး ပြောကြားခဲ့ကြသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ဆက်လက်ကျင်းပသည့် အစည်းအဝေး၌ သက်ဆိုင်ရာ နိုင်ငံအလိုက် Country Statement ပြောကြားခြင်း အစီအစဉ်တွင် မြန်မာကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပါဝင်ပြောကြားခဲ့ပါသည်။ ထို့သို့ ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် SDGs အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP)ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်မှု၊ COVID-19 စီးပွားရေးထိခိုက်မှုကုစားရေးစီမံချက် (CERP) ချမှတ်ဆောင်ရွက်ခဲ့မှု၊ ဆက်လက်၍ မြန်မာနိုင်ငံ စီးပွားရေးပြန်လည် ဦးမော့စေရေးစီမံချက် (MERP)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် နေမှု၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ် လုပ်ဆောင် နေမှုအခြေအနေများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ASEAN Comprehensive Recovery Framework (ACRF) နှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) တို့တွင် ပါဝင်ဆောင်ရွက်နေသည့် အခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် အားလုံးပါဝင်ပြီး မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျမကျန်စေရေးမူနှင့်အညီ နိုင်ငံအချင်းချင်း၊ ဒေသတွင်းနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကတိကဝတ်များကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို အဓိကပြောကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် SDGs ကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက်သာမက အမျိုးသားအဆင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်း စဉ်များဖြစ်သော MSDP ၊ CERP နှင့်  MERP တို့ကို အကောင်အထည်ဖော်ရာ၌ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ကူညီထောက်ပံ့မှုသည် အရေးကြီးပါသဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျားမ တန်းတူညီမျှရေးနှင့် အခြေခံ အဆောက် အအုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့တွင် နှောင့်နှေးမှုမရှိဘဲ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးသို့ UNSCAP အဖွဲ့ဝင်နိုင်ငံများ၊ တွဲဖက်အဖွဲ့ဝင်နိုင်ငံများ၊ အလှူရှင်နိုင်ငံ များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၂၇၀ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးကို ဧပြီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ဆက်လက် ကျင်းပမည် ဖြစ်ပြီး ဒေသတွင်းနှင့် ဒေသခွဲနိုင်ငံများအတွင်း COVID-19 တုံ့ပြန်ဆောင်ရွက်နေမှု အခြေ အနေများ၊ ဖွံ့ဖြိုးမှုအနည်းဆုံး၊ ကုန်းတွင်းပိတ်ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးဆဲ ပစိဖိတ်ကျွန်းနိုင်ငံများ၏ COVID-19 ကပ်ရောဂါကြောင့် လူမှု စီးပွားသက်ရောက်မှုများအပေါ် တုံ့ပြန်ဖြေရှင်းဆောင်ရွက် နေမှုအခြေအနေများ၊ အာရှ-ပစိဖိတ်ဒေသတွင်း ၂၀၃၀ အာဂျင်ဒါ အကောင်အထည်ဖော်မှု အခြေ အနေများနှင့် UNESCAP မှ အဖွဲ့ဝင်နိုင်ငံများသို့ ပံ့ပိုးပေးလျက်ရှိသည့် ဦးစားပေး ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်သည်။
UNESCAP သည် အာရှနှင့်ပစိဖိတ် ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် မေခရိုစီးပွားရေး မူဝါဒနှင့် ဘဏ္ဍာရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် တီထွင်ဖန်တီးမှု၊ ပို့ဆောင်ရေး၊ စာရင်းအင်း၊ လူမှုရေးဖွံ့ဖြိုး တိုးတက်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု၊ သတင်းအချက်အလက် နည်းပညာနှင့် သဘာဝဘေး အန္တရာယ် လျော့ပါးရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် နည်းပညာအကူအညီများ ပံ့ပိုးပေးလျက်ရှိ ပါသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် UNESCAP ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး နှစ်စဉ် ကျင်းပပြုလုပ်သည့် UNESCAP ၏ နှစ်ပတ်လည်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။