၁၄ ဇန်နဝါရီ ၂၀၂၁၊ နေပြည်တော်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာမှုစင်တာ (APCSS) က ယနေ့ ကျင်းပသည့် “ကိုဗစ်-၁၉ နှင့် အလွန်ကာလ - ကြံ့ကြံ့ခံနိုင်မှု မြင့်မား ရေး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု” အလုပ်ရုံဆွေးနွေးပွဲသို့ virtual conference ဖြင့် တက်ရောက်၍ အဓိကဦးဆောင် ဆွေးနွေးသူ အဖြစ် ပါဝင်ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ APCSS မှ ပါမောက္ခ Dr. Miemie Winn Byrd က အစီအစဉ်မှူး အဖြစ် ပါဝင်ဆောင်ရွက်ပြီး တက်ရောက်သူများက ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုအပေါ် ဒေသတွင်းအဆင့် လက်ရှိတုန့်ပြန်ဆောင်ရွက်နေမှုများ၊ အမေရိကန်နှင့် မိတ်ဖက်နိုင်ငံများ၏ ကူညီပံ့ပိုးပေးမှုများ တိုးမြှင့်ရရှိနိုင်ရေးအတွက် လိုအပ်ချက်များကို အကြံပြုဆွေးနွေး ခဲ့ကြသည်။
ယင်း အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်နေမှုများ၊ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် နိုင်ငံအချင်းချင်း နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် လက်ရှိ ဒေသတွင်းနှင့် ကမ္ဘာ့အခြေအနေ ဖြစ်ပေါ်မှုများ၊ ကာကွယ်ဆေး ဖြန့်ဝေမှုအခြေအနေများနှင့် လတ်တလော နိုင်ငံအချင်းချင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ၏ အလားအလာများကိုလည်း တက်ရောက်လာကြသူများ နှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မကြာမီကာလများအတွင်း ရောဂါကူးစက်မှုနှုန်းထက် ကာကွယ်ဆေးထိုး နှံနိုင်မှုနှုန်းက ပိုမိုလာမည် ဖြစ်၍ တစ်ကမ္ဘာလုံး လူသားများ ရင်ဆိုင်နေရသည့် ကပ်ရောဂါ အမှောင်ထုမှ လွန်မြောက်မည့် အလင်းရောင်ကို စတင်မြင် ရတော့မည် ဖြစ်ကြောင်း၊ ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားမှုက ရာသီဥတု ပြောင်းလဲမှု၊ အခွင့်အလမ်းများ တန်းတူမညီမျှမှုနှင့် ပထဝီဝင်နိုင်ငံရေး ပြန်လည်ချိန်သားကိုက်မှုဆိုသည့် စိန်ခေါ်မှု ၃ ရပ်ကို ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်နိုင်မည့် အင်အားများရရှိရန် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကိုဗစ်-၁၉ မှာ မိမိတို့၏ ဘဝတစ်သက်တာတစ်လျှောက် ကြုံတွေ့ခဲ့သည် ကပ်ရောဂါများအနက် အဆိုးဝါးဆုံးသော အခြေအနေ ဟုဆိုရမည့်အပြင် ဤရောဂါမျိုးသည် ပထမဆုံး မဟုတ်သလို နောက်ဆုံးဟုလည်း ပြော၍မရပါကြောင်း၊ လက်ရှိနှစ်များအတွင်း သဘာဝဂေဟစနစ်အပေါ် မိမိတို့လူသားများ၏ ဆင်ခြင်တုံတရား နည်းပါးစွာဖြင့် ပြုမူခဲ့မှုအား ထိန်းသိမ်းကြပ်မတ်ဆောင်ရွက် ခဲ့မှု အားနည်းခဲ့သည့်ရလဒ်ကြောင့် ကူးစက်ရောဂါပေါင်းများစွာ ဖြစ်ပွားလျက် ရှိပါကြောင်း ထောက်ပြခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ပြင်းထန်၍ ထိခိုက်ဆုံးရှုံးများသည့် မုန်တိုင်းများ၊ အပူချိန်မြင့်တက်မှုများကို ဆက်လက်ရင်ဆိုင် နေရသည့်အပြင် ရောဂါကူးစက်မှု ပုံသဏ္ဍာန်အမျိုးမျိုးကိုလည်း ကြုံတွေ့နေရပါကြောင်း၊ သို့ရာတွင် မိမိတို့ပြည်သူများ အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုလိုက်လျောညီထွေမှုရှိမည့် အသက်မွေးနေထိုင်မှုပုံစံများသို့ ဦးတည်ပြောင်းလဲနေထိုင် ရန် ရှေးရှုကြိုးပမ်းနေသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်နေရပါကြောင်း၊ မြန်မာနိုင်ငံ၏ မျိုးဆက်သစ်လူငယ်များ အနေဖြင့် ပွင့်လင်းမှုနှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ရှိသည့် မြန်မာ့ခေတ်သစ်က ပေးအပ်သည့် အခွင့်အရေးကို အသုံးချ၍ ရာသီဥတု ပြောင်းလဲမှုကို ထိခိုက်စေမည့် ဆောင်ရွက်မှုများကို ဆန့်ကျင်ကန့်ကွက်ခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေရှိမည့် အမျိုးသားမူဝါဒများချမှတ်ရာတွင် တတ်စွမ်းနိုင်သမျှ ကူညီပံ့ပိုးခြင်းစသည့် အခြေအနေများကို မြင်တွေ့ရလျက် ရှိပါကြောင်း ပြောကြားခဲ့သည်။
တန်းတူမညီမျှမှု အခြေအနေများ ပိုမိုတိုးပွားလာမှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးရာတွင် ၂၀၂၁ ခုနှစ် တွင် မြန်မာနိုင်ငံ၏ GDP တိုးတက်မှုကို ၆ ရာခိုင်နှုန်း ရရှိရန် ခန့်မှန်းသဖြင့် ဒေသတွင်း စီးပွားရေးအတိုးတက်ဆုံး နိုင်ငံများတွင် ပါဝင်နေဆဲ ဖြစ်သော်လည်း မြန်မာပြည်သူတစ်ရပ်လုံး အဆိုပါ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ညီတူညီမျှ မခံစားရ သေးသည့် အခြေအနေသည် မူဝါဒချမှတ်သူများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များအနေဖြင့် ရင်ဆိုင် ဖြေရှင်းရန် လိုအပ်ချက်တစ်ရပ်အဖြစ် ရှိနေပါကြောင်း၊ အထူးသဖြင့် ကျေးလက် ဒေသပြည်သူ များအနေဖြင့် အစိုးရဝန်ဆောင်မှုများရယူရာတွင် နောက်ကျကျန်နေဆဲ ဖြစ်သကဲ့သို့ အလယ်တန်းပညာရေးအား တန်းတူသင်ယူမှု ရရှိရေးနှင့် ကျား/မ တန်းတူ ညီမျှရေး ကိစ္စရပ်များတွင်လည်း မညီမျှမှုများ ရှိနေဆဲဖြစ်၍ နိုင်ငံအနေဖြင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်များ ပူးပေါင်းပါဝင်မှုဖြင့် အမျိုးသားစီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကိုဗစ်-၁၉ ကြောင့် ပိုမိုသိသာလာသည့် ကမ္ဘာ့ပထဝီဝင်နိုင်ငံရေးအရွေ့ကို ကိုင်တွယ်ဖြေရှင်းရာ၌ ဂလိုဘယ် လိုင်ဇေးရှင်း၏ အကျိုးရလဒ်အလားအလာများကို ကမ္ဘာ့လူ့အသိုင်းအဝိုင်း တစ်ရပ်လုံး ညီတူညီမျှခံစားနိုင်ရေးအတွက် နိုင်ငံအားလုံးက ယဉ်ကျေးမှု အရသော်လည်းကောင်း၊ အတွေးအခေါ် အယူဝါဒအရ လည်းကောင်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
တစ်နေ့တစ်ခြား ပိုမိုရှုပ်ထွေးလာသည့်အပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဒေသအမျိုးမျိုးတို့ အကြား နည်းမျိုးစုံဖြင့် အားပြိုင်နေသည့်အခြေအနေတွင် တစ်ဉီးတစ်ယောက်ချင်းသော် လည်းကောင်း၊ နိုင်ငံတစ်ခုချင်းသော်လည်းကောင်း သီးခြား ရပ်တည်၍ မရနိုင်သကဲ့သို့ နိုင်ငံ တစ်ခုက ဦးဆောင်မှု ပုံသဏ္ဍာန်မှာလည်း ရှိတော့မည် မဟုတ်ကြောင်း ထောက်ပြခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် မြန်မာ-အမေရိကန် ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ နိုင်ငံစုံမိတ်ဖက်များနှင့် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အထောက်အကူပြု စေမည့် အကြံပြုချက် ၃ ချက်အား ဆွေးနွေးပြောကြား ခဲ့ရာတွင်၊ ပထမအချက်အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ အမြန်ဆုံး ပြောင်းလဲအသုံးချနိုင်ရေးအတွက် လိုအပ်မှုကို အလေးပေးထောက်ပြခဲ့ပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံ၏ အရွေးချယ်ခံသမ္မတ Biden က ပဲရစ်သဘောတူညီ ချက်တွင် ပြန်လည်ပါဝင်ရန် ကတိကဝတ်ပြုမှုကို ကြိုဆိုပါကြောင်း၊ သစ်တောကဏ္ဍမှ အသားတင် ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး၊ နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပါဝင်မှုတိုးမြှင့်ရေးနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုလျှော့ချရေးတို့ကို ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေမှု ရှိစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Nationally Determined Contributions) ကိုလည်း ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဒုတိယအချက် အနေဖြင့် ဒေသတွင်း ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးအတွက် လိုအပ်သော အကူအညီများ ထပ်မံရရှိရေး တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများအနေဖြင့် အီလက် ထရောနစ် အစိုးရ ၊ အီလက်ထရောနစ် ပေးချေမှု ၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှုနှင့် အွန်လိုင်းမှ တစ်ဆင့် ဆေးကုသမှုစသည်တို့ကို အားလုံးလက်လှမ်း မီနိုင်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပြီး ကမ္ဘာတစ်ဝှမ်း အဆိုပါ နယ်ပယ်များ၏ နိုင်ငံတကာ ကျွမ်းကျင်လုပ်သားများ ရွေ့ပြောင်းသွားလာမှုအတွက်လည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါ သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက အာရှနှင့်ပစိဖိတ်ဒေသတွင်း မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုအခြေအနေကို မဟာဗျူဟာမြောက် ပူးပေါင်းမှုအခြေအနေသို့ ဦးတည်ပြောင်းလဲအောင် နိုင်ငံများက ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်း ခဲ့ပြီး တစ်နေ့တစ်ခြား တိုးတက်ထင်ပေါ်လာသည့် အာရှဒေသကို လုံခြုံရေးအရ စိန်ခေါ်မှု တစ်ခုအဖြစ်မမြင်ဘဲ စီးပွားရေးအရ အခွင့်အလမ်း ကောင်း ရှိသည့် ဒေသအဖြစ် ပြောင်းလဲရှုမြင်သင့်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများတွင် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် လွန်ခဲ့သည့် နှစ်လေးဆယ်မှစတင်၍ အာဆီယံနှင့် အမေရိကန်နိုင်ငံတို့အကြား အပြန်အလှန်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့်ဆောင်ရွက်ရာ၌ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုအခြေအနေကို မဟာဗျူဟာမြောက် ပူးပေါင်းမှုအခြေအနေသို့ ဦးတည်ပြောင်းလဲအောင် နိုင်ငံများက ဆောင်ရွက်ရန်လိုကြောင်း၊ အမေရိကန် နိုင်ငံအနေဖြင့် ကမ္ဘာ့အအောင်မြင်ဆုံး ကုမ္ပဏီများ၊ ကမ္ဘာ့အဆင့်မီ နည်းပညာနှင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်တွင် ပြိုင်စံကင်း ချိတ်ဆက်ထားနိုင်မှုများရှိသော်လည်း မြန်မာ နိုင်ငံတွင် အခြားသော ဒေသတွင်းနိုင်ငံများ၏ရင်းနှီးမြှုပ်နှံမှုများနှင့် နှိုင်းယှဉ်ပါက အမေရိကန်၏ ရင်းနှီး မြှုပ်နှံမှုမှာ အနည်းငယ်သာ ရှိနေသေးပါကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တုန့်ပြန်မှုအတွက် USAID မှတစ်ဆင့် ကျန်းမာရေးအထောက်အကူပြု ကိရိယာများနှင့် PPE များ ၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း နှင့် နိုင်ငံစုံအလှူရှင်များမှ တစ်ဆင့် ကျန်းမာရေးရန်ပုံငွေအတွက် ပံ့ပိုးကူညီခြင်းများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ ပါ သည်။
အမေရိကန်နိုင်ငံ ဟိုနိုလူလူအခြေစိုက် အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာမှုစင်တာ (APCSS) သည် ဒေသတွင်း နှင့် ကမ္ဘာ့လုံးဆိုင်ရာ လုံခြုံရေး ကိစ္စရပ်များ၊ အာရှနှင့် ပစိဖိတ် ဒေသတွင်းရှိ အမျိုးသားလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများအကြား ကွန်ရက်အသစ်များ ထူထောင်ခြင်းနှင့် ဆက်ဆံရေး ကောင်းမွန်အောင် ပျိုးထောင်ပေးလျက်ရှိသည့် ထင်ပေါ်ကျော်ကြားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။