၀န်ကြီးဌာနသတင်းများ

၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၄ ရက်

ရန်ကုန်တိုင်းဒေသကြီး သီလဝါတွင် ရင်းနှီးမြှုပ်နှံမည့် LNG to Power စီမံကိန်းအား မြန်မာ-ဂျပန် G to G စီမံကိန်းအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဆောင်ရွက်ရမည့် ပဏာမ အကြိုလုပ်ငန်းစဉ်များ ဖြစ်သည့် လုပ်ငန်း စီမံချက်များ ရေးဆွဲခြင်း၊ ဒီဇိုင်းထုတ်ခြင်း၊ ခွင့်ပြုမိန့်များ လျှောက်ထားခြင်းနှင့် အကြို အင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် Notice to Proceed ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချိရော့မာရုယာမနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုမ္ပဏီအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယခုစီမံကိန်းသည် ဂျပန်နိုင်ငံမှ ဦးဆောင်ရင်းနှီးမြှုပ်နှံ လျက်ရှိသော သီလဝါအထူးစီးပွားရေးဇုန် (SEZ) အတွက် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရန် မိမိတို့တွင် များစွာ တာဝန်ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်မှ စတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ (၅၀ ရာခိုင်နှုန်း) အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့အစိုးရ စတင်တာဝန်ယူ စဉ်ကတည်းက မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် Liquified Natural Gas (LNG) ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရသည့် LNG to Power စီမံကိန်းများကို ဆောင်ရွက်ရန် စီမံခဲ့ပါကြောင်း၊ ထိုသို့စီမံရာတွင် ကာလတို၊ ကာလလတ်၊ ကာလ ရှည်စီမံ ကိန်းများအဖြစ် Generation Mix တွင် ထည့်သွင်းစဉ်းစားပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၌ မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG to Power စီမံကိန်း (၃)ခုကို Notice to Proceed ထုတ်ပေး ခြင်းဖြင့် လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင်လည်း မဂ္ဂါဝပ် (၉၀၀) ခန့်ထွက်ရှိမည့် LNG to Power စီမံကိန်း (၃) ခုအပါအဝင် အပူစွမ်းအင် စီမံကိန်း (၅) ခုကို ကာလတို စီမံကိန်းများအဖြစ် ဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့ရာ ယခုဆို လျှင် LNG to Power စီမံကိန်း (၂) ခုမှ ဓာတ်အားစတင် ထုတ်လုပ်နိုင်နေပြီ ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းသည် Notice to proceed ထုတ်ပေးပြီး (၇၂)လအတွင်း ဓာတ်အား စတင် ထုတ်လုပ်နိုင်မည် ဖြစ်ပါကြောင်း။

ရေအားလျှပ်စစ်စီမံကိန်းများ၏ သဘောသဘာဝသည် တည်ဆောက်ပြီးစီးရန် အချိန်များစွာလိုအပ်ခြင်း၊ လက်ရှိထုတ်လုပ်နေသောလုပ်ကွက်များမှ Gas ထုတ်လုပ်နိုင်မှုပမာ ဏကျဆင်းလာခြင်း၊ လုပ်ကွက် အသစ်များမှလည်း စီးပွားဖြစ် Gas ထုတ်လုပ်နိုင်မှု မရှိသေးခြင်းနှင့် လက်ရှိ LNG ဈေးနှုန်းသည်လည်း ကျဆင်း၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် သင့်တော်ကောင်းမွန်သည့် အချိန်ဖြစ်ခြင်းတို့ကြောင့် LNG တင်သွင်း၍ ဓာတ်အားထုတ်လုပ်ခြင်း သည်သာလျှင် သင့်လျော်သည့်နည်းလမ်းဖြစ်သဖြင့် LNG တင်သွင်း ၍ ဓာတ်အား ထုတ်လုပ်ခြင်းကို စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် လက်ရှိ Gas အသုံးပြု၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နေသည့် ဓာတ်အားပေးစက်ရုံ များ၏ နေ့စဉ် Gas လိုအပ်ချက်ပမာဏကိုလည်း LNG ဖြင့် ဖြည့်ဆည်းပေးနိုင်မှုတို့ကို ရည်ရွယ်၍ LNG to Power စီမံကိန်းများနှင့် LNG Terminal များကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။

LNG Gas ကို မြန်မာနိုင်ငံဒေသအဝှမ်း ဖြန့်ဖြူးနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို ဖြန့်ကျက်သွယ်တန်း တည်ဆောက်သွားမည့် Gas Pipeline Master Plan တစ်ခုကိုရေးဆွဲပြီး တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ယခုစီမံကိန်းအတွက် ဆက်စပ် ဆောင်ရွက်ရမည့် ပဏာမအကြို လုပ်ငန်းစဉ်များ ဖြစ်သည့် လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်း၊ ဒီဇိုင်းထုတ်ခြင်း၊ ခွင့်ပြုမိန့်များ လျှောက်ထားခြင်းနှင့် အကြို အင်ဂျင်နီယာ လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Notice to Proceed ထုတ်ပေးရခြင်း ဖြစ်ပြီး၊ ယင်းလုပ်ငန်းများကို ချောချောမွေ့မွေ့နှင့် လျင်မြန်စွာ ပြီးစီးနိုင်ရေးအတွက်လည်း ဝန်ကြီး ဌာနအနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း စက်စွမ်းအင်အရည်အသွေးပြည့်ဝပြီး ယုံကြည် စိတ်ချရမှု ကောင်းအောင်၊ ဘေးအန္တရာယ်ကင်းအောင် ဆောင်ရွက်စေလိုပါကြောင်း၊ National Grid System သို့ အချိန်မီ ချိတ်ဆက်နိုင်ရန် အတွက် စီမံကိန်းအကောင်အထည် ဖော်ရာတွင် အားသွန်ခွန်စိုက် ကြိုးပမ်း အားထုတ်ပြီး ကိစ္စအားလုံးအပေါ် အလေးထား ဆောင်ရွက်စေလိုပါကြောင်း။

ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၏ ဓာတ်အားစနစ် ထိန်းသိမ်းမောင်းနှင်မှုကဏ္ဍနှင့် ဝန်အားစီးဆင်းမှုကဏ္ဍ အတွက် မဟာဗျူဟာကျသော ရန်ကုန်ဒေသတွင် တည်ရှိနေပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ ဓာတ်အားကွန်ရက်စနစ် တောင့်တင်းခိုင်မာမှုရှိစေရန်နှင့် ဓာတ်အားပို့လွှတ်ရေးအပိုင်းတွင် မြန်မာနိုင်ငံအတွင်း အရှေ့ဖက်၊ အနောက်ဖက်၊ တောင်ဖက်နှင့် မြောက်ဖက်တို့တွင် ၅၀၀ ကေဗွီ ဓာတ်အားစနစ် (Union Grid) များကို တည်ထောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် ၂၃၀ ကေဗွီဓာတ်အား စနစ်များကိုလည်း အဆင့်မြှင့်ခြင်း၊ အသစ်တည်ဆောက်ခြင်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ဓာတ်အားပေး စက်ရုံစီမံကိန်းကြီး များနှင့် ဓာတ်အားလိုင်းစီမံကိန်းကြီးများ ပြီးစီးပါက မီးသုံးစွဲသူ ပြည်သူများနှင့် စက်မှုလုပ်ငန်းများကို တည်ငြိမ်ကောင်းမွန်ပြီး ယုံကြည်စိတ်ချရသည့် လျှပ်စစ်ဓာတ် အားဝန်ဆောင်မှုကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ရန်ကုန်တိုင်းဒေသကြီး သီလဝါတွင် ရင်းနှီးမြှုပ်နှံမည့် LNG to Power စီမံကိန်းအား မြန်မာ-ဂျပန် G to G စီမံကိန်းအဖြစ် ဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးတို့က စီမံကိန်းအတွက် ထုတ်ပေးသည့် Notice to Proceed အား အပြန်အလှန် လဲလှယ်ခဲ့ ကြသည်။


Credit-MNA, MOEE