နေပြည်တော် ၊ မတ်လ ၂ ရက်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဉီးသည် ၂၀၂၁ ခုနှစ် မတ်လ ၂ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၂၇) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး ပထမပိုင်းအနေဖြင့် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံ စီးပွားရေး အကြံပေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့သို့ တွေ့ဆုံရာတွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှ Dr. Ar. Siti Rozaimeriyanty DSLJ Haji Abd Rahman နှင့် နိုင်ငံအလိုက် အဖွဲ့ဝင်များက အာဆီယံစီးပွားရေး အကြံပေးကောင်စီ၏ ၂၀၂၁ ခုနှစ် ဉီးတည်ချက် ဖြစ်သည့် ပြန်လည်ထူထောင်ရေး ၊ ပိုမိုကြံ့ခိုင်ရေး နှင့် အတူတကွပူးပေါင်းဆောင်ရွက်ရေးဖြင့် ၂၀၂၁ ခုနှစ် အတွင်း ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများကို ရှင်းလင်းတင်ပြပါသည်။ အာဆီယံစီးပွားရေး အကြံပေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဉီးဇော်မင်းဝင်းက မြန်မာနိုင်ငံ၏ လက်ရှိ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို တင်ပြခဲ့ပါသည်။ ဝန်ကြီးများက အာဆီယံ စီးပွားရေး အသိုက်အဝန်း အကောင်အထည်ဖော်ရာတွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ဒေသတွင်း COVID-19 ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း နှင့် ဒေသတွင်း စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပုဂ္ဂလိက ကဏ္ဍ၏ အရေးပါမှုနှင့် ၂၀၂၁ ခုနှစ်တွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီ၏ အကောင် အထည်ဖော်မည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ချုပ်ဆိုခဲ့သည့် ဒေသတွင်းနှင့် နိုင်ငံတကာ သဘောတူစာချုပ်များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ လတ်တလော ဖြစ်ပေါ်လျက်ရှိသော အခြေအနေများအရ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ အဖွဲ့ဝင်များ၏ ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးရာတွင် လက်ရှိအစိုးရအနေဖြင့် ယခင်အစိုးရ အဆက်ဆက် ခွင့်ပြုခဲ့သည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန် အာမခံကြောင်း၊ အထူးသဖြင့် ခွင့်ပြုပြီးသော စီးပွားရေး လုပ်ငန်းများတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန်အတွက် ဦးစားပေး အစီအစဉ်များ ချမှတ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလျင်မြန် လွယ်ကူ ချောမွေ့အောင် SMART အစီအစဉ်ရေးဆွဲ အကောင်အထည်ဖော် လျက်ရှိကြောင်း၊ ပုဂ္ဂလိက နှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်းစေရန်နှင့် ပိုမိုပွင့်လင်း မြင်သာစွာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယပိုင်းအနေဖြင့် (၂၇) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံနိုင်ငံများ၏ COVID -19 အလွန် ပြန်လည်ထူထောင်ရေးဆောင်ရွက်ချက်များအပေါ် အမြင်ခြင်းဖလှယ်ခြင်း၊ အာဆီယံအနေဖြင့် ကမ္ဘာထုတ်လုပ်မှု ကွင်းဆက်တွင် ပိုမိုပါဝင်နိုင်ရေးနှင့် အာဆီယံ ဘက်စုံပြန်လည်ထူထောင်ရေး မူဘောင်တွင်ပါဝင်သည့် အာဆီယံ စီးပွားရေး အသိုက်အဝန်းနှင့် ပတ်သက်သော ကိစ္စရပ်များ အကောင်အထည်ဖော်မှုအခြေအနေအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူစဉ် ဦးစားပေးအကောင်အထည် ဖော်မည့် စီးပွားရေးဆိုင်ရာလုပ်ငန်းများအား အတည်ပြုခြင်း၊ ချုပ်ဆိုခဲ့သည့်အာဆီယံစီးပွားရေး သဘောတူစာချုပ်များ၏ စာချုပ်အသက်ဝင်ရေးအတွက် ဆောင်ရွက်မှုအပေါ် လမ်းညွှန်ချက်များ ချမှတ်ခြင်း၊ အာဆီယံအသိုက်အဝန်း၏ ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရန် ပြင်ဆင်ဆောင်ရွက်မှု၊ အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် ပြန်လည် သုံးသပ်ခြင်း ဆောင်ရွက်မှု အခြေအနေနှင့် အနာဂတ်တွင် အာဆီယံ-အီးယူ လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရေးအတွက် ညှိနှိုင်းမှုများအတွက် လိုအပ်ချက်များကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် COVID -19 ကာကွယ်၊ ထိန်းချုပ် ကုသရေး နှင့်စပ်လျဉ်း၍ ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ COVID -19 ကာကွယ် ဆေးထိုးနှံမှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်လျက်ရှိသည့် စီးပွားရေး လုပ်ငန်းများ အထူးသဖြင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အာဆီယံ ဘက်စုံ ပြန်ထည် ထူထောင်ရေး မူဘောင်ပါ အကောင်အထည်ဖော်မှုများကို အာဆီယံနိုင်ငံများနှင့်အတူ ဆောင်ရွက်သွားမည့် အခြေအနေ များကိုလည်းကောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံစီးပွားရေး အသိုက်အဝန်း၏ လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော်မှု အခြေအနေများတွင် အခြား အာဆီယံ စီးပွားရေးဝန်ကြီးများနှင့်အတူ ပါဝင် ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Dato Dr. Amin Liew Abdullah က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှစီးပွားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံစီးပွားရေး အကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးကို ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ဆက်လက် ကျင်းပမည် ဖြစ်ပါသည်။