၀န်ကြီးဌာနသတင်းများ

နေပြည်တော်၊ ဩဂုတ်လ ၁၃ ရက်

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဉီး ဦးဆောင်၍ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၃ရက်နေ့ ၊ ၁၃:၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ၂၂ ခုမှ ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများမှ တက်ရောက်ကြပါသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးသည် စက်တင်ဘာလတွင် ကျင်းပမည့် (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ကြိုတင်ညှိနှိုင်းခြင်းဖြစ်ကြောင်း၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း(အေအီးစီ)- ၂၀၂၅ ပါ လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်မှုတွင် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မှုများကို သတ်မှတ်ကာလအတွင်း ပြီးမြောက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အာဆီယံ၏ ပြောင်းလဲလာသည့် လုပ်ငန်းစဉ်များအရ လုပ်ငန်းကော်မတီများကို ကျစ်ကျစ်လစ်လစ် ပြန်လည်ဖွဲ့စည်းပြီး၊ ဌာနအလိုက်လုပ်ငန်းတာဝန်များကို တိတိကျကျ ပြန်သတ်မှတ်ပေးကာ လုပ်ငန်းစီမံချက် ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အေအီးစီ၂၀၂၅ အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍  အာဆီယံဒေသ တစ်ခုလုံးအနေဖြင့် ၂၀၂၁ခုနှစ်အတွင်းဆောင်ရွက်ရန်ဦးစားပေးလုပ်ငန်း (၁၄၈) ခုကို ချမှတ်ထားပြီး၊ ဇွန်လကုန်အထိ ၆၇ခု ကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တစ်နိုင်ငံတည်း သီးသန့်ဆောင်ရွက်ရန် လုပ်ငန်း အနည်းငယ်သာကျန်ရှိနေသည်ကို တွေ့ရကြောင်း၊ အဆိုပါလုပ်ငန်းများသည်လည်း ဆောင်ရွက်ဆဲလုပ်ငန်းများဖြစ်၍ မြန်မာတစ်နိုင်ငံတည်း ကျန်ရှိနေခြင်း မဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ လုပ်ငန်းများ အကောင်အထည်အထည်ဖော်မှုအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။


ထို့ပြင် အာဆီယံက ဆောင်ရွက်ခဲ့သည့်  အေအီးစီလမ်းပြမြေပုံ၂၀၂၅၏ကာလလယ်(Mid Term Review) ကို အခြေခံ၍ ထိရောက်သည့် အကောင်အထည် ဖော်ဆောင်မှု ဖြစ်စေရန် မြန်မာနိုင်ငံ၏ အေအီးစီ အကောင်အထည်ဖော်မှုအားလည်း သုံးသပ်ပြီး၊ ကျန်ကာလများတွင် အကောင်အထည်ဖော်ရာ၌ လိုအပ်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကဏ္ဍအလိုက်အကောင်အထည်ဖော်မှုများကိုလည်း scorecard ဖြင့် တိုင်းတာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အာဆီယံအနေဖြင့် ယခုနှစ်အတွင်း ချုပ်ဆိုမည့် စာချုပ်များ ချုပ်ဆိုနိုင်ရေးအတွက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်နှင့်လက်မှတ်ရေးထိုးပြီးစာချုပ်များ အသက်ဝင်ရေးအတွက် လိုအပ်သည့် ပြည်တွင်း လုပ်ထုံးလုပ်နည်းများကို ဆောလျင်စွာ ဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊လုပ်ငန်းအဖွဲ့များ၏ အကောင်အထည်ဖော်မှုများတွင် လိုအပ်သည့် လမ်းညွှန်ချက်များ ရရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေးအပေါ် လမ်းညွှန်မှာကြားပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို ကုစားနိုင်ရန်အတွက် အာဆီယံတွင်ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုမူဘောင် ရေးဆွဲထားပါကြောင်း၊ အဆိုပါ မူဘောင်ကို ၂၀၂၀ပြည့်နှစ်နိုဝင်ဘာလမှာကျင်းပခဲ့တဲ့(၃၇)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာနိုင်ငံ့ခေါင်းဆောင်များက အတည်ပြုခဲ့ပါကြောင်း၊ မူဘောင်တွင် ကျန်းမာရေး၊လူမှုဘဝလုံခြုံရေး၊စီးပွားရေးပေါင်းစည်းမှုများပိုမိုနက်ရှိုင်းအောင်ဆောင်ရွက်ရေး၊ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမြှင့်တင်ရေး၊ရေရှည်တည်တံ့ပြီးကြံ့ကြံ့ခံနိုင်သည့်အနာဂတ်တစ်ခုတည်ဆောက်ရေးစသည့် မဟာဗျူဟာ(၅)ခုအပေါ်အခြေခံ၍ လုပ်ငန်းစဉ်များ ချမှတ်ထားကြောင်း၊ မူဘောင်တွင် အာဆီယံအသိုက်အဝန်းတစ်ခုလုံးနှင့်သက်ဆိုင်သည့်အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ် စုစုပေါင်း ၁၈၅ ခု ပါဝင်ကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်နှင့်ဆက်နွယ်နေသည့်လုပ်ငန်းစဉ် ၆၀ ခု ပါရှိပြီး၊ အာဆီယံဒေသအနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းအများစုဖြစ်ကြောင်း၊  အဆိုပါမူဘောင်၏ လုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံတွင် လက်ရှိရေးဆွဲနေသည့် မြန်မာနိုင်ငံ စီးပွားရေး ပြန်လည် ဉီးမော့စေရေးစီမံချက်ပါလုပ်ငန်းစဉ်များကိုလည်း ချိတ်ဆက်ထားသည့်အတွက် လုပ်ငန်းများကို ပိုမို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှာဖြစ်ကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ လိုအပ်သည့် နည်းပညာနှင့် ငွေကြေးအကူအညီများကိုလည်း ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က အာဆီယံအဆင့်မြင့်စီးပွားရေး အရာရှိများအစည်းအဝေး (၃/၅၂)ကြိမ်မြောက်အစည်းအဝေး၌ ဆွေးနွေးညှိနှိုင်းမှုများနှင့် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြပါသည်။

ထို့နောက် လုပ်ငန်းကော်မတီအသီးသီး၏ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများကသက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။