သတင်းများ



နေပြည်တော်၊ နိုဝင်ဘာလ ၂၉ ရက်
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၁၄) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲကော်မတီ အစည်း အဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာဝါဝါမောင် ပါဝင် တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲကော်မတီ အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး ဘရူနိုင်းနိုင်ငံ၊ ဘဏ္ဍာရေးနှင့်စီးပွားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဌာနခွဲမှ Ms. Nor Zerlina Momin ၊ ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဌာနမှ Ms. Juliana Nam နှင့် နယူး ဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ Mr. Keawe Woodmore တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲ ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ ပူးတွဲကော်မတီ၏ လုပ်ငန်းအစီအစဉ်နှင့် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်သို့ ချီလီနိုင်ငံ ဝင်ရောက်ရေးတို့အပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ပါသည်။
(၁၄) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲကော်မတီ၏ အာဆီယံသီးသန့်အစည်းအဝေးကိုလည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်ကို ၂၀၀၉ ခုနှစ်တွင် စီးပွားရေးဝန်ကြီးများက လက်မှတ်ရေးထိုး ခဲ့ပါသည်။ လက်ရှိတွင် စာချုပ်ဝင်နိုင်ငံများအကြား အဆိုပါ သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်း ဆိုင်ရာ ဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ မတိုင်မီ အပြီးသတ် ညှိနှိုင်းသွား မည်ဖြစ်ပါသည်။