သတင်းများ


နေပြည်တော်၊ ဒီဇင်ဘာလ ၉ ရက်
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၉/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Video Conferencing ဖြင့် ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ တက်ရောက် ကြပါသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ပထမအသုတ် အဖြစ် ချေးငွေထုတ်ယူရန် ခွင့်ပြုခဲ့သည့် အခြေအနေ၊ ဒုတိယအသုတ်ချေးငွေ ထုတ်ပေးနိုင်ရေး စိစစ်ထားရှိမှုအခြေအနေများ၊ နောက်ထပ်ချေးငွေထုတ်ပေးရန် ပြင်ဆင်လျက်ရှိသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍ အတွက် ချေးငွေလျှောက်လွှာစိစစ်ထားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေးအတွက်ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဝန်ကြီးဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ကုစားရေးလုပ်ငန်းကော်မတီသို့ တင်ပြလာသည့် အချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။