သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဝန်ထမ်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိများ၊ သင်တန်းသားများ၊ Online မှ တက်ရောက်သူများ အပါအဝင် စုစုပေါင်းအင်အား  ၁၂၀ ကျော် တက်ရောက်ကြပါသည်။

            အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးခဲ့သည်မှာ          ၅ ကြိမ်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် လူကိုယ်တိုင်နှင့် အွန်လိုင်းအပါအဝင် အရာထမ်း/ အမှုထမ်း ၄၂ ဦးကို သင်ကြားပို့ချပေးခဲ့ပါကြောင်း၊  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဆိုင်ရာ အကြောင်းအရာများကို ဆောင်ရွက်နေသော ဝန်ကြီးဌာနဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံတကာစီးပွားရေးနှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိ နားလည်ရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားမှသာ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွား‌ရေး ၊ လူမှုရေး ဦးတည်ချက်များကို စနစ်တကျဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအချင်းချင်း တက်ညီလက်ညီဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်ရန်အတွက် ဝန်ထမ်းများအနေဖြင့်  အရည်အသွေး အရည်အချင်း ပြည့်ဝနေရန် လိုအပ်ပါကြောင်း၊ သင်တန်းတွင် မိမိတို့ဝန်ကြီးဌာနရှိ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အခြားဝန်ကြီးဌာနများမှ နည်းပြများ အပြင်  ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ ကိုယ်တိုင် သိသင့်သိထိုက်သော ဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါကြောင်း၊ သင်တန်းကို သင်တန်းချိန် ၅၆ ချိန်ဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် သင်တန်းတွင် လေ့လာသင်ယူခဲ့သော စာတွေ့လက်တွေ့ သင်ခန်းစာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာ ဆည်းပူးသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသဖြင့် နိုင်ငံဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ပြီး နိုင်ငံတော်နှင့် မိမိဝန်ကြီးဌာန အပေါ်သစ္စာရှိရှိဖြင့် နိုင်ငံ့အကျိုးသယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသည့် သင်တန်းသားများနှင့် Group Presentation အကောင်းဆုံးရရှိသည့် သင်တန်းသားများ အား ဆုများ ချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသားများ ကိုယ်စားသင်တန်းသူ တစ်ဉီးက သင်တန်းမှ ရရှိသည့် အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ် ပို့ချပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

သင်တန်းသို့ သင်တန်းသား ၊ သင်တန်းသူ ၄၂ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်း အမှတ်စဉ်   (၂ / ၂၀၂၄) ကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။