သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၅၀) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား  ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေး တင်ပြ သည့် ခေါင်းစဉ်သည် “နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေးနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဆက်သွယ်ချက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ”ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အရေးကြီးသော အခန်းကဏ္ဍ တစ်ခု အနေဖြင့် ပါဝင်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပြည်တွင်းရင်းနှီး မြှုပ်နှံမှု သာမက နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုူများကိုပါ ဖိတ်ခေါ်ဆောင်ရွက်ရပါကြောင်း၊  မိမိတို့နိုင်ငံတွင်လည်း ၁၉၉၀ ပြည့်နှစ်ကတည်းက ဥပဒေများပြဋ္ဌာန်း၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အာဆီယံ ရင်းနှီးမြှုပ်နှံမှုနယ်ပယ် (ASEAN Investment Area- AIA) ကို တည်ထောင်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အစု အဖွဲ့နှင့်ဖြစ်စေ ငွေအရင်းအနှီးများ မြှုပ်နှံခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အများဆုံး  ပြုလုပ် သောရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ ရေနံတူးဖော်ရေးလုပ်ငန်းနှင့်လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး လုပ်ငန်းတို့ ဖြစ်ကြပါကြောင်း၊ လုပ်သားအင်အားများပြားသော CMP လုပ်ငန်းများတွင် လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြပါကြောင်း၊ မြန်မာနိုင်ငံ၏စက်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှု၌ MSME လုပ်ငန်း များသည် ၉၅ % ရှိပါကြောင်း၊ ယခုဆွေးနွေးသည့် ခေါင်းစဉ်သည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသော ဆွေးနွေချက်များ ဖြစ်သဖြင့် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

              ဆက်လက်၍ ဆွေးနွေးတင်ပြမှုကို ဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပွင့်ဟန်က “နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဆက်သွယ်ချက်ဆိုင်ရာ  လုပ်ထုံးလုပ်နည်းများ” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

                ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံ မှုမှ MSMEs လုပ်ငန်းများသို့ နည်းပညာလွှဲပြောင်းရေးအတွက် ပြဋ္ဌာန်းချက်များ၊ နည်းပညာ လက်ခံ ရရှိနိုင်မည့် MSMEs များ၏ စွမ်းရည်လိုအပ်ချက် ကဏ္ဍများနှင့်စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို  ဝိုင်းဝန်း မေးမြန်း ဆွေးနွေးခဲ့ ကြပါသည်။

              အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ Online ဖြင့် တက်ရောက်သည့် အရာထမ်း/ အမှုထမ်းများ အပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၀ ကျော် တက်ရောက်ကြပါသည်။