သတင်းများ

(တောင်ကြီး၊ ဇန်နဝါရီ ၈ )
    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ၈ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဟဲဟိုးမြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့် အသီးအရွက်များကို အခြောက်ခံ၍ ဂျပန်နိုင်ငံသို့ တင်ပို့လျက် ရှိသော Myanmar Belle Shin- Shin Foods Co.,Ltd. သို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးအား ကုမ္ပဏီ၏ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံ နေရသည့် အခက်အခဲများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြ ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း ထုတ်လုပ်မှုမြှင့်တင် ရေး၊ ပြည်ပတင်ပို့မှု တိုးမြှင့်ဆောင်ရွက် နိုင်ရေး သီးနှံစိုက်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး လုပ်ငန်းတွင် လက်ရှိကြုံတွေ့ နေရသော အခက်အခဲများ နှင့် စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။   
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဖြစ်သော Top Ten Star Producting Co.,Ltd. ၏ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် ခဲသတ္တုသန့်စင် ထုတ်လုပ်ခြင်းလုပ်ငန်းသို့ ရောက်ရှိခဲ့ရာ ကုမ္ပဏီ၏ တာဝန်ရှိသူများက စက်ရုံလုပ်ငန်းလည်ပတ်နေမှု အခြေအနေများနှင့် အခက်အခဲများကိုတင်ပြကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အခက်အခဲများနှင့် စပ်လျဉ်း၍ ဆက်လက်ကူညီဆောင်ရွက်ပေးမည့် အခြေအနေများ ကိုပြန်လည် ဆွေးနွေးကာ သတ္တု ထုတ်လုပ်မှုလုပ်ငန်းများနှင့် သတ္တုသန့်စင် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။