သတင်းများ


(၁၁- ၁- ၂၀၂၂ ရက် ၊ နေပြည်တော်)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင် သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများသီးသန့်အစည်းအဝေးသို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ  Mr. Rath Saravuth က အစည်းအဝေး သဘာပတိအဖြစ်ဆောင်ရွက်၍ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အာဆီယံစီးပွားရေးဆိုင်ရာ အဆင့်မြင့် အစည်းအဝေးများ၏ ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာဉီးစားပေး လုပ်ငန်းများနှင့် ၂၀၂၂ ခုနှစ်အတွင်း အာဆီယံစီးပွားရေးအသိုက်အဝန်း၏ ကဏ္ဍအလိုက်‌ ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများ၊ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိ များ၏ လုပ်ငန်းအစီအစဉ်၊ တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက် အာဆီယံစီးပွားရေးအသိုက်အဝန်း၏ ဆောင်ရွက်မှုများ၊ ၂၀၂၂ ခုနှစ်အတွင်း ကျင်းပမည့် အစည်း အဝေးများအစီအစဉ် ၊ အာဆီယံ- ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းမှု အတွက် ပြင်ဆင်နေမှုများ၊ အာဆီယံ - ကိုရီးယား စက်မှုတီထွင်ဆန်းသစ်မှုစင်တာ တည်ထောင်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် ဆောင်ရွက်မှုစသည်တို့အပေါ် ဆွေးနွေးခဲ့သည်။
    အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်က ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခြင်းကို ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံသို့ ကမ္ဘော ဒီးယားဝန်ကြီးချုပ် လာရောက်သည့်အချိန်တွင် နှစ်နိုင်ငံခေါင်းဆောင်များအကြား ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ဉီးစားပေးလုပ်ငန်းများကို  အပြည့်အဝ ထောက်ခံပါကြောင်းနှင့် အဆိုပါလုပ်ငန်းများပြီးမြောက်ရန် ကမ္ဘောဒီးယားနိုင်ငံနှင့် အခြားအာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံပဋိဉာဉ် စာတမ်းနှင့်အညီ အာဆီယံ၏ အချက်အချာကျမှုကို ထိန်းသိမ်းသွားစေလိုကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံသို့ဝင်ရောက်ခဲ့သည့် ၂၄ နှစ်တာကာလအတွင်း ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ ဝင်ရောက်သည့် ကာလကဲ့သို့ ယခုအချိန်တွင်လည်း အာဆီယံနိုင်ငံအားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် နားလည်မှုကို ရရှိမည်ဟု ယုံကြည်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများကို စည်းမျဉ်းအခြေခံ၍ ပူးပေါင်း ဆောင်ရွက် ပေးစေလိုကြောင်းတို့ကို ပြောကြားခဲ့သည်။
အစည်းအဝေးသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊  ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။