သတင်းများ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်၁၈၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၁)ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၁၉)ခုကိုခွင့်ပြုပေးခဲ့ပါသည်။အဆိုပါလုပ်ငန်းများ၏ရင်းနှီးမြှုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာ(၈၀၇.၁၅၅) သန်း နှင့်ကျပ်(၃၂၁,၉၄၈.၇၅၂)သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃,၁၀၀)ကျော်ကိုဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

        ယနေ့အစည်းအဝေးက ခွင့်ပြုခဲ့သောလုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အမျိုး အစားဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း (၅)ခု လည်းပါဝင်ပါသည်။

          ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ယနေ့အချိန်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၀) ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ (၈၂၉.၁၄၆) သန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၁)ခုက စုစုပေါင်းကျပ် (၃၅၀,၉၄၇.၃၄၇) သန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြပြီး၊ အဆိုပါလုပ်ငန်းများမှ အလုပ် အကိုင် အခွင့်အလမ်းပေါင်း (၁၃,၀၀၀)ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပါသည်။