သတင်းများ

(၃၉) ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး အဆင့်မြင့်စီးပွားရေးအရာရှိများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ နေ့လယ် ၁၂:၀၀ နာရီတွင် အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာဝါဝါမောင် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Rath Saravuth ၊ တရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yu Xiang ၊ ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nobuo Kiriyama နှင့် ကိုရီးယား သမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Kim Jong Hul တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဆင့်မြင့်စီးပွားရေး အရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အရှေ့အာရှစီးပွားရေးကောင်စီ (EABC) က ဆောင်ရွက်နေသည့် လုပ်ငန်းများ ၏ တိုးတက်မှုအခြေအနေနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန်တွင် အရှေ့အာရှ၌ ပိုမို အား ကောင်း၍ ပေါင်းစည်းမှုရှိသော ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုရှိစေရေးအတွက် အဓိက အကြံပြု ချက်များကို တင်ပြခဲ့သည်။ အစည်းအဝေးက အရှေ့အာရှစီးပွားရေးကောင်စီ၏ တင်ပြချက်များ အပေါ် ကြိုဆိုခဲ့သည်။

 မြန်မာနိုင်ငံ၏ အာဆီယံ အဆင့်မြင့်စီးပွားရေးအရာရှိဖြစ်သူ ဒေါက်တာဝါဝါမောင်က ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးအကြံပေး ကောင်စီ (RCEP Business Advisory Council – RBAC) ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တည်ထောင် နိုင်ခဲ့သည့်အတွက်  အရှေ့အာရှစီးပွားရေးကောင်စီအား ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် RCEP သဘောတူစာချုပ်၏ အကျိုးကျေးဇူးများကို အရှေ့အာရှဒေသရှိ ပုဂ္ဂလိကကဏ္ဍ များမှ ခံစားနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် အသက်ဝင်ရန် ကျန်ရှိနေသော နိုင်ငံများအား အသက်ဝင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

အစည်းအဝေးတွင် အာဆီယံအပေါင်းသုံး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၂) အကောင် အထည်ဖော်မှု၏ တိုးတက်မှုအခြေအနေကို မှတ်တမ်းတင်ခဲ့ပြီး လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၄) ကို အတည်ပြုခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ကူးစက် ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုများလျော့နည်းစေရေး အာဆီယံအပေါင်းသုံး လုပ်ငန်းစီမံချက်၏ ဖြစ်ပေါ်တိုးတက်မှုများကို မှတ်တမ်းတင်ခဲ့ပြီး (၂၅) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး စီးပွားရေးဝန်ကြီးများအစည်းအဝေးအတွက် ဦးစားပေးအစီအစဉ်များအပေါ် ဆွေးနွေးခဲ့ကြ သည်။

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိများ ပါဝင်တက်ရောက်ခဲ့သည်။