သတင်းများ

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ (၄၁) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေး၊ (၄၂) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေး၊ (၃၇) ကြိမ်မြောက် အာဆီယံ-ကိုရီးယား အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေး နှင့် အာဆီယံ-ဂျပန် အဆင့်မြင့်စီးပွားရေး အရာရှိများ၏ (/၂၇) ကြိမ်မြောက် အစည်းအဝေး တို့ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ အဆင့်မြင့်စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ အရာရှိများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးများတွင် ကမ္ဘောဒီးယား နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ကုန်သွယ်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Rath Saravuth နှင့် သက်ဆိုင်ရာ ဆွေးနွေးဖက်နိုင်ငံများ၏ အဆင့်မြင့် စီးပွားရေး အရာရှိများက ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့သည်။

ပထမဦးစွာ (၄၁) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် အဆင့်မြင့်စီးပွားရေး အရာရှိများအစည်းအဝေးကို ဒေသစံတော်ချိန် နံနက် ၉:၀၀ နာရီတွင် စတင်ကျင်းပခဲ့ရာ  အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်း ညှိနှိုင်းမှုများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော် ရေး အထောက်အကူပြု အစီအစဉ်၏ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ သဘောတူစာချုပ်သို့ ချီလီနိုင်ငံ ဝင်ရောက်နိုင်ရေးနှင့် (၂၇) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရေးကိစ္စရပ်တို့အပေါ် ဆွေးနွေးခဲ့ သည်။

ဆက်လက်၍ (၄၂) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်စီးပွားရေးအရာရှိများ အစည်းအဝေးကို ကျင်းပခဲ့ရာ အစည်းအဝေးတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှု၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်သည့် ပူးတွဲလေ့လာ ဆန်းစစ်ချက်ကို အပြီးသတ်နိုင်ရေးကိစ္စ၊ အာဆီယံ-တရုတ် ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးအတွက် ဆောင်ရွက်သည့် လုပ်ငန်းအစီအစဉ်နှင့် စက်တင်ဘာလတွင် ကျင်းပမည့် (၂၁) ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တင်ပြမည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

မွန်းလွဲပိုင်းတွင် (၃၇) ကြိမ်မြောက် အာဆီယံ-ကိုရီးယား အဆင့်မြင့်စီးပွားရေးအရာရှိများ အစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှု၊ အာဆီယံ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ-ကိုရီးယား စက်မှုတီထွင်ဆန်းသစ်မှုစင်တာ တည်ထောင်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် စက်တင်ဘာလတွင်ကျင်းပမည့်(၁၉)ကြိမ်မြောက်အာဆီယံ-ကိုရီးယား စီးပွားရေးဝန်ကြီးများအစည်းအဝေးသို့တင်ပြမည့်အကြောင်းအရာများအပေါ်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။                                                                                                                          

ဆက်လက်၍ အာဆီယံ-ဂျပန် အဆင့်မြင့်စီးပွားရေးအရာရှိများ၏ (/၂၇) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအောက်ရှိ အာဆီယံ-ဂျပန် စီးပွားရေးကြံ့ကြံ့ခံနိုင်မှု လုပ်ငန်းအစီအစဉ် (ASEAN–Japan Economic Resilience Action Plan) နှင့် အာဆီယံ-ဂျပန် မဟာဗျူဟာမြောက် ၁၀ နှစ်တာ လမ်းပြမြေပုံ၏ အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်မည့် Work Plan toward Creating “Future Design and Action Plan of a New ASEAN–Japan Economic Relationship” တို့အပေါ် ဆွေးနွေးခဲ့ကြသည်။  အစည်းအဝေးတွင် အေမက်အတွင်းရေးမှူးရုံး၏ အသစ်ပြင်ဆင်ထားသော လုပ်ငန်းညွှန်းတမ်းအပေါ် အတည်ပြုခဲ့သည်။

အဆိုပါ အစည်းအဝေးများသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ အဆင့်မြင့် အရာရှိများ လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။