သတင်းများ

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့တွင် ကျင်းပသည့် (၅) ကြိမ် မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေး ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့  ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ကျင်းပခဲ့ရာ ကမ္ဘောဒီးယားဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo HUN SEN က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Pan Sorasak က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ဖွင့်ပွဲအခမ်းအနား မစတင်မီ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က အာဆီယံ စီးပွားရေးဝန်ကြီးများအား တွေ့ဆုံသည့် အခမ်းအနားသို့လည်း တက်ရောက်ခဲ့သည်။ 

ထို့နောက် (၅) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ဆက်လက်ကျင်းပခဲ့ရာ (၃) ကြိမ်မြောက် လွတ်လပ်သောကုန်သွယ်မှု ဒေသကောင်စီအစည်းအဝေးကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးပြီး၊ ဒေသတွင်းကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ပိုမိုချဲ့ထွင်နိုင်ရန်အတွက် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူ စာချုပ် အဆင့်မြှင့်တင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် ကိစ္စရပ်များကို လမ်းညွှန် မှာကြားခဲ့ ပါသည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများအကြား အာဆီယံပြတင်းတစ်ပေါက်စနစ်ကို ပြည့်ပြည့်ဝဝ အသုံးချ၍ အီလက်ထရောနစ်စနစ်ဖြင့် အကောက်ခွန်သက်သာခွင့် လျှောက်ထားသည့် ပင်ရင်း သက်သေခံလက်မှတ်များ လဲလှယ်ရေးကိစ္စများအပေါ် ဝန်ကြီးများက တိုက်တွန်း မှာကြား ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသအကောင်အထည်ဖော်မှုအခြေအနေ၊ နိုင်ငံအဆင့် အခွင့်ရ စီးပွားရေး လုပ်ငန်းဆောင်ရွက်သူများ အစီအစဉ်ဆောင်ရွက်နေမှုနှင့် အကောက်ခွန်ပေါင်းစည်းမှု ဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ပါဝင်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ (၂) ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှုဒေသကောင်စီအစည်းအဝေးကို ကျင်းပခဲ့ ရာ ဝန်ကြီးများက အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး၊ အာဆီယံရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာ (၂၀၂၂) ထုတ်ဝေမှု အပေါ် ကြိုဆိုခဲ့သည်။ ထို့အပြင် အဆင့်မြင့်စီးပွားရေးအရာရှိများကဝန်ကြီးများထံ တင်ပြသည့် အစီရင်ခံစာနှင့် ၂၀၂၂ ခုနှစ် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကာလတွင်း ပြုလုပ်မည့် အာဆီယံရင်းနှီးမြှုပ်နှံမှုခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများအပေါ်  မှတ်တမ်းတင် ခဲ့ကြပြီး အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကဲဖြတ်သုံးသပ်မှုအစီရင်ခံစာ (၂၀၂၂) (ASEAN Investment Peer Review Report 2022) ကို အတည်ပြုခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းဒေသတွင်း ရင်းနှီး မြှုပ်နှံမှုများ ဖြေလျော့ပေးရန် ပြင်ဆင်ဆောင်ရွက်မှုများနှင့် ကပ်ရောဂါအလွန် ဒေသတွင်း အလား အလာရှိသည့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား ခဲ့သည်။

မွန်းလွဲပိုင်းတွင် စီးပွားရေးဝန်ကြီးများနှင့်အာဆီယံစီးပွားရေးအကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေးဝန်ကြီးများနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေး အကြံပေးကောင်စီအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံ စီးပွားရေးအကြံပေးကောင်စီက ၂၀၂ ခုနှစ် အတွင်း ပုဂ္ဂလိကကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာ ဝန်ကြီးများက အနာဂတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ပုဂ္ဂလိက အခန်းကဏ္ဍက ပိုမို ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များကို  လမ်းညွှန်ခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် (၅) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်း အဝေးကို ကျင်းပခဲ့ရာဝန်ကြီးများက ကမ္ဘာဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူနေ သည့် ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာဦးစားပေး လုပ်ငန်းများ၏ အကောင်အထည်ဖော်မှုအခြေအနေများကို မှတ်တမ်းတင်ခဲ့သည်။ ထို့နောက် ဝန်ကြီးများက ရေကြောင်းသယ်ယူပို့ဆောင်ရေးတွင် ကုန်သေတ္တာများသုံးစွဲရာ၌ စီမံခန့်ခွဲမှု တိုးတက်စေရေး လေ့လာမှု၏ရလဒ်များအပေါ် မူဝါဒဆိုင်ရာအကြံပြုချက်များနှင့် လမ်းညွှန် ချက်များပေးခဲ့ပါသည်။ ထို့အပြင်ဝန်ကြီးများက ယှဉ်ပြိုင်မှုဆိုင်ရာ အာဆီယံမူဘောင် သဘောတူ စာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ကြောင်းကြေညာခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဆိုင်ရာဦးစားပေး လုပ်ငန်းများ အကောင်အထည်ဖော်မှုအပေါ်  မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှုများကို ပါဝင်ဆွေးနွေးခဲ့သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင်လည်း အာဆီယံစီးပွားရေးဝန်ကြီး များ၏ အလုပ်သဘောညစာစားပွဲကို ကျင်းပခဲ့ပြီး၊ နိုင်ငံအလိုက် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ဆောင်ရွက်လျက်ရှိသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် အာဆီယံဘက်စုံပြန်လည် ထူထောင်ရေးမူဘောင် အကောင်အထည်ဖော်မှုအခြေအနေများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးများတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး H.E. Pan Sorasak ဝန်ကြီးချုပ်ရုံးတွဲဖက်ဝန်ကြီးနှင့် ဖွံ့ဖြိုးမှု ကောင်စီအတွင်း ရေးမှူးချုပ် H.E. Sok Chenda Sophea ၊ ဝန်ကြီးချုပ်ရုံးတွဲဖက်ဝန်ကြီးနှင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Vongsey Vissoth  တို့က သဘာပတိများဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီဝန်ကြီးများ၊ အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသ ကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်စီးပွားရေး အရာရှိများ၊ အာဆီယံ စီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနညွှန်ကြားရေး မှူးချုပ် ဒေါက်တာမာလာမျိုးညွန့်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့သည်။

(၅) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့အထိ ဆက်လက် ကျင်းပမည်ဖြစ်သည်။