သတင်းများ

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအတွင်းရှိ ဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သိရှိပြီး လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေး၊ ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှု ဆိုင်ရာကိစ္စရပ်များနှင့်  ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုတို့ကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။  

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် တာဝန်ယူ ဆောင်ရွက်နေကြသည့် လုပ်ငန်းများအပေါ် အောင်မြင်အောင် ဆောင်ရွက်သွားရေး၊ တိုင်းဒေသ ကြီး/ ပြည်နယ်ဦးစီးမှူးများအနေဖြင့်လည်း မိမိတို့ တာဝန်ကျရာ နေရာဒေသများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တတ်စွမ်းသမျှ ဝိုင်းဝန်း လုပ်ဆောင်သွားကြရန်၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးနှင့် လုပ်ငန်းရှင်များ၏ အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ရေး၊ ဆက်စပ်ဌာန အချင်းချင်းပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ခြင်းအားဖြင့် ပိုမိုကောင်းမွန် ထိရောက်ပြီး ရလဒ်ထွက်ပေါ်စေနိုင်သည့် ဝန်ဆောင်မှုများပေးရေး၊ ပြည်တွင်းစီးပွားရေး လုပ်ငန်း များ တိုးတက်စေရန် အတွက် ပြည်တွင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင် ဆောင်ရွက်ရေးနှင့် တိုးမြှင့်နိုင်အောင် ဆောင်ရွက်ရေး ကိစ္စရပ်များ၊ အရည်အသွေးပြည့်ဝသော ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများ ဖြစ်ပေါ်စေရေး၊ ဌာနရှိ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကိုဗစ်-၁၉ကြောင့် ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ကုစားနိုင်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှု အကျိုးစီးပွား ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွားရေး ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်စေရေး၊ အမည်ခံမဟုတ်ပဲ ထုတ်လုပ်မှု/ ဝန်ဆောင်မှု လုပ်ငန်းများတိုးတက် ဖြစ်ပေါ်စေရေးမှ တစ်ဆင့် နိုင်ငံ့စီးပွားရေးအား ဖွံ့ဖြိုး တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် အာဆီယံ၏ စီးပွားရေး ပေါင်းစည်းမှု လုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို ရှင်းလင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မြင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က   ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ် များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပါသည်။

          ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရုံးချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု၊ ဒေသ၏ စီးပွားရေးဝန်းကျင် ကောင်းမွန်အောင် ဆောင်ရွက်သွားမည့်  အစီအမံများနှင့် ဝန်ကြီးဌာနနှင့် ရုံးချုပ်က ပံ့ပိုးရန်လိုအပ်ချက်များကိုလည်းကောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကဌာန၏အုပ်ချုပ်မှုလုပ်ငန်းများ၊ အာဆီယံ အပါအဝင်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ၊ ‌ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များနှင့် အခက်အခဲများကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးသို့ ဒုတိယဝန်ကြီး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာနရှိ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။