သတင်းများ

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Video Conferencing ဖြင့် ကျင်းပခဲ့ပါသည်။

 အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြ သော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ချေးငွေပြန်လည်ပေးဆပ်ရေးဆိုင်ရာ ကိစ္စများအတွက် လုပ်ငန်းကော်မတီက ညှိနှိုင်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ချေးငွေ ပြန်လည်ပေးဆပ်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူ‌ရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား ချေးငွေသက်တမ်း စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် ထပ်မံတိုးမြှင့်ပေးမည့် အခြေအနေအား ဆွေးနွေးပါသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ချေးငွေစိစစ်ကြပ်မတ် ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ချေးငွေပြန်လည်ကောက်ခံရရှိမှု အခြေအနေများနှင့် ချေးငွေအရင်း၊ အတိုးလက်ခံရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက် မှုများ ကုစားရေးအတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူ‌ရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား ချေးငွေသက်တမ်း တစ်နှစ်စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် ထပ်မံ တိုးမြှင့်ရေး ကိစ္စအား အတည်ပြု ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။