သတင်းများ

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ချီတက်ဂုဏ်ပြုမည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အမှာစကားပြောကြားပြီး ဂုဏ်ပြုဝတ်စုံများ ထောက်ပံ့ပေးအပ် သည်။

          ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် မြန်မာနိုင်ငံအတွက် အထူးအရေး ပါသည့် ဂုဏ်ယူဖွယ်ရာနေ့ထူးနေ့မြတ်ဖြစ်ပြီး (၇၅)နှစ်ဆိုသည့် စိန်ရတုအချိန်အခါနှင့် တိုက်ဆိုင် မှုမှာလည်း ကြုံတောင်ကြုံခဲ အခွင့်အရေးတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ပြုယာဉ်နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းတွင် ပါဝင်ဆောင်ရွက် ရမည်ဖြစ်၍ ဂုဏ်ပြုယာဉ်နှင့် ပြခန်းများတွင် စနစ်တကျ ခင်းကျင်းပြသနိုင်ရေးအတွက် ဝန်ထမ်းအားလုံး စုစည်းညီညွတ်စွာ ကြိုးပမ်းသွားကြရန် ပြောကြားသည်။  

          ဆက်လက်၍ ဒုတိယဝန်ကြီးက ဂုဏ်ပြုယာဉ် နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်း တွင် ပါဝင်ဆောင်ရွက်ကြမည့် ဝန်ကြီးဌာန ဝန်ထမ်းအားလုံး ကျန်းမာပျော်ရွှင်စွာဖြင့် အဆင်ပြေ အောင်မြင်စွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။