သတင်းများ

       ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု ဂုဏ်ပြုယာဉ်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းနှင့် ကဏ္ဍအသီးသီးတို့၌ ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ၂၀၂ခုနှစ်၊ ဇန်နဝါရီလ ၂ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၁) ၌ ကျင်းပသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအတွက် အထူးအရေးပါသည့် ဂုဏ်ယူဖွယ်ရာ နေ့ထူးနေ့မြတ်ဖြစ်သော  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပါဝင်ဂုဏ်ပြုခွင့်ရရှိခြင်းနှင့်  ဂုဏ်ပြုယာဉ်နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းတွင် စနစ်တကျ ခင်းကျင်းပြသနိုင်ရေးနှင့် အခြားလိုအပ် သောကဏ္ဍများတွင် အားဖြည့်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းအားလုံးစုစည်းညီညွတ်စွာ၊ စည်းကမ်းပြည့်ဝစွာ ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်အဆင့် အခမ်းအနားတွင် ဝန်ထမ်းအားလုံး သက်ဆိုင်ရာကဏ္ဍအလိုက် စည်းလုံး ညီညွတ်စွာဖြင့် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့်နည်းတူနိုင်ငံတော်၏ အမျိုးသားအကျိုး စီးပွားအတွက်စီးပွားရေး ဦးတည်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မိမိတို့ ရင်းနှီး/စီးပွားဝန်ကြီးဌာန၏ လုပ်ငန်းများတွင်လည်း ဝီရိယ၊ သစ္စာ၊ ဉာဏ ၊ သမာဓိ စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာန ဝန်ထမ်းများ စည်းလုံးညီညွှတ်မှု၊ အပြန်အလှန် နားလည်မှု၊  ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းမှုတို့ကြောင့် ယခုကဲ့သို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် မိမိတို့နိုင်ငံ၏ ဂုဏ်ယူဖွယ်အခမ်းအနားတွင် စည်ကားသိုက်မြိုက်စွာ အောင်မြင်ဖြစ်မြောက်စေရန်အတွက် အားဖြည့်ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းတစ်ဦး တစ်‌ယောက်ချင်းစီကို ကျေးဇူးတင်ရှိပါ ကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုယာဉ်နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ဝန်ထမ်းကိုယ်စားလှယ်တို့က လက်ခံရယူကြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး အတူတကွ ဂုဏ်ပြုညစာသုံးဆောင်ခဲ့ကြသည်။

          ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ အဆင့်မြင့်အရာရှိကြီးများနှင့်  စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ စုစုပေါင်း ဝန်ထမ်း ၂၀၀ နီးပါးတက်ရောက်ခဲ့ကြပါသည်။